Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ဂရင်းလန်ကျွန်းကိစ္စကြောင့် ဒိန်းမတ်ဘုရင့်တံဆိပ်တော် ပြင်ဆင်
DVB
·
January 7, 2025
ဂရင်းလန်ကျွန်းမြင်ကွင်း။ (Photo : Reuters)

အမေရိကန်က ဂရင်းလန်ကျွန်းကို ဝယ်ဖို့ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့အပြီးမှာ ဒိန်းမတ်ဘုရင်က  တံဆိပ်တော်မှာ ဂရင်းလန်းကျွန်းသင်္ကေတကို ပိုထင်ရှားအောင် ပြင်ဆင်လိုက်ပြီး သမိုင်းပညာရှင်တွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။

မိခင်ဖြစ်သူ ဘုရင်မ မာဂရက်ဆီက ဆက်ခံတာ တနှစ်ပဲရှိတဲ့ ဖရက်ဒရစ်ဘုရင်ဟာ ဒိန်းမတ်နိုင်ငံရဲ့ ပိုင်နက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်ကျွန်းနဲ့ ဖာရိုးကျွန်းစုရဲ့ သင်္ကေတတွေကို ပိုကြီးကြီးထည့်လိုက်တာ ဖြစ်ပါတယ်။

အနှစ် ၅၀၀ အတွင်း ဒိန်းမတ်ဘုရင့်တံဆိပ်တော်တွေမှာ အမြဲပါဝင်တဲ့ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် ၃ နိုင်ငံ ပုဂ္ဂိုလ်ရေးပေါင်းစည်းမှု သင်္ကေတကို ဖြုတ်ပစ်လိုက်ပါတယ်။

အဲဒီအစား ဂရင်းလန်ကျွန်းရဲ့ သင်္ကေတ ပိုလာဝက်ဝံနဲ့ ဖာရိုးကျွန်းစုရဲ့ သင်္ကေတ သိုးထီးတို့ကို မူလက သေးသေးလေးပဲ ထည့်ထားရာကနေ အကွက်လေးကွက်မှာ တကွက်စီ အကြီးကြီးထည့်လိုက်တာ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံဟာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေက ကျွန်းပေါ်မှာ တားဆေးတွေ အတင်းအဓမ္မ သောက်သုံးစေမှုနဲ့ ဂရင်းလန်ကျွန်းမှာ လူမျိုးတုံးအောင် လုပ်ခဲ့တယ်လို့ ဂရင်းလန်ကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝန်ကြီးချုပ်ကလည်း စွပ်စွဲထားပါတယ်။

နှစ်သစ်ကူးမိန့်ခွန်းမှာ ဂရင်းလန် ဝန်ကြီးချုပ် မူတီအီးဂက်ဒ်က ဂရင်းလန်ကျွန်းလွတ်လပ်ရေး တောင်းဆိုခဲ့ပြီး ကိုလိုနီခေတ်ရဲ့ နှောင်ကြိုးတွေ ဖြတ်တောက်ပစ်ရမယ်လို့ ကြွေးကြော်ထားပါတယ်။

ထရမ့်ပ်ရဲ့ သားဖြစ်သူ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာဟာလည်း ပြီးခဲ့တဲ့အပတ်က ဂရင်းလန်ကျွန်းကို လာရောက်ခဲ့ပါသေးတယ်။ ဒီလိုအချိန်မှာ ဂရင်းလန်ကို ဒိန်းမတ်က ပိုင်ဆောင်ကြောင်း ပြသတဲ့အနေနဲ့ တံဆိပ်တော်ကို ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024