အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂတ်စ်မြို့က ထရမ့်ပ်ဟိုတယ်အပြင်ဘက်မှာ ပေါက်ကွဲခဲ့တဲ့ တက်စ်လာ ဆိုက်ဘာထရပ်ကားကို မောင်နှင်းလာခဲ့သူဟာ အမေရိကန်အထူးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး ပေါက်ကွဲမှုမတိုင်မီ ကိုယ့်ကိုယ်ကိုယ် ပစ်သတ် အဆုံးစီရင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
သေဆုံးသူဟာ ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒိုစပရင်းစ်က အသက် ၃၇ နှစ်အရွယ် မက်သယူးအလန် လစ်ဗယ်စ်ဘာဂါ ဖြစ်တယ်လို့ အယ်လ်အေ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဒီပုဂ္ဂိုလ်ဟာ ဆိုက်ဘာထရပ်ကားကို ငှားပြီး မိုင် ၈၀၀ လောက် မောင်းနှင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားတဲ့ မနက်ခင်းမှာ ထရမ့်ပ်ဟိုတယ်ရှေ့ကို မောင်းလာခဲ့တာ ဖြစ်ပါတယ်။
လစ်ဗယ်စ်ဘာဂါ သေဆုံးမှု အကြောင်းရင်းဟာ ကိုယ့်ဘာသာပစ်ခတ်တဲ့ သေနတ်ဒဏ်ရာကနေ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ဖြစ်တယ်လို့ ကလာ့ခ်ကောင်တီ သေမှုသေခင်းရုံးက ထုတ်ပြန်ပါတယ်။
လောင်စာဘူးတွေနဲ့ မီးရှူးမီးပန်းမော်တာတွေ ပြည့်နေတဲ့ ယာဉ်ဟာ နှစ်ဆန်း ၁ ရက်နေ့မှာ ပေါက်ကွဲမှုကြောင့် တခြားလူ ၇ ယောက်လည်း ဒဏ်ရာရခဲ့ပြီး အသေးစားထိခိုက်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
လစ်ဗယ်စ်ဘာဂါဟာ ကားကို မဖောက်ခွဲပစ်မီ ၂ နာရီလောက်အလိုမှာ မြို့ထဲဝင်လာခဲ့တာဖြစ်ပြီး ဟိုတယ်နားက မှန်နံရံရှေ့မှာ ကားကိုရပ်ခဲ့တာ ဖြစ်ပါတယ်။
ဆိုက်ဘာထရပ်ရဲ့ ဖွဲ့စည်းပုံကြောင့် ပေါက်ကွဲမှုဟာ ဘေးကို အများကြီး မသက်ရောက်ဘဲ အပေါ်ကိုပဲ ထောင်တက်ခဲ့တာဖြစ်တယ်လို့ ရဲကဆိုပါတယ်။ အနားက ဟိုတယ်မှန်တံခါးတွေနဲ့ ပြတင်းပေါက်တွေပါ မကွဲခဲ့ပါဘူး။
မီးကျွမ်းသွားတဲ့ ကားထဲမှာ စစ်ဘက်သက်သေခံလက်မှတ်၊ ပတ်စ်ပို့၊ ဆီမီးအော်တို ပစ္စတို ၂ လက်၊ မီးရှူးမီးပန်းတွေ၊ အိုင်ဖုန်းတလုံး၊ စမတ်နာရီတလုံးနဲ့ ခရက်ဒစ်ကတ်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။
အလောင်းဟာ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ခေါင်းမှာ ကိုယ့်ဘာသာပစ်ထားတဲ့ သေနတ်ဒဏ်ရာ တွေ့တယ်လို့ ဆိုပါတယ်။
Source : Reuters