Home
နိုင်ငံတကာ
လိင်စော်ကားမှုအတွက် ဒေါ်လာ ၅ သန်း လျော်ကြေးပေးရန် ဆုံးဖြတ်မှုအပေါ် ထရမ့်ပ် အယူခံ ပယ်ချခံရ
DVB
·
December 31, 2024
Photo : Reuters

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ပ်က မဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင် အီးဂျင်းကာရိုးလ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ နောက်ပိုင်းမှာ အသရေဖျက်မှုအတွက် ဒေါ်လာ ၅ သန်း လျော်ကြေးပေးဖို့ ဂျူရီအဖွဲ့ ဆုံးဖြတ်ချက်အပေါ် ထရမ့်ပ်ဘက်က အယူခံတက်ခဲ့ရာမှာ ပြည်ထောင်စုအယူခံတရားရုံးတရုံးက ပယ်ချခဲ့ပါတယ်။

မန်ဟက်တန်မှာရှိတဲ့ အမှတ် ၂ နယ်မြေ အယူခံတရားရုံးက တရားသူကြီး ၃ ယောက်ပါ ခုံအဖွဲ့က ထရမ့်ပ်ရဲ့ လျှောက်လဲချက်ကို ပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။

အောက်ရုံးမှာတုန်းက ဂျူရီအဖွဲ့ဝင်တွေ အမှုကို ကြားနာစဉ်က စွပ်စွဲတဲ့ အမှုကိစ္စတခုတည်းကို မဟုတ်ဘဲ ထရမ့်ပ်ရဲ့ အရင်က လိင်ပိုင်းဆိုင်ရာ အလွဲလုပ်မှုတွေ၊ ပြောဆိုချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့တာကြောင့် စီရင်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ ထရမ့်ပ်ဘက်က လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထွက်ပေါ်လာခဲ့တဲ့ Access Hollywood ဗီဒီယိုမှာ လိင်မှုကိစ္စ သူဘယ်လောက်စွမ်းကြောင်း ထရမ့်ပ် ပြောဆိုထားတာတွေလို သက်သေတွေဟာ တရားလို ကာရိုးလ်ရဲ့ စွပ်စွဲချက်နဲ့ ကိုက်ညီမှုရှိပြီး ပုဂ္ဂိုလ်တယောက်ချင်းရဲ့ ထပ်တလဲလဲ လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်ကို ဖော်ပြရာရောက်တယ်လို့ တရားရုံးက ကောက်ချက်ချခဲ့ပါတယ်။

၁၉၉၆ ခုနှစ်တုန်းက မန်ဟက်တန်က စတိုးဆိုင်တခုရဲ့ အဝတ်လဲခန်းထဲမှာ ထရမ့်ပ်က သူ့ကို မုဒိမ်းကျင့်ခဲ့တယ်လို့  ကာရိုးလ်က စွပ်စွဲခဲ့သလို  ၂၀၂၂ ခုနှစ်မှာ ထရမ့်ပ်က ကာရိုးလ်ရဲ့ စွပ်စွဲချက်ဟာ လုပ်ဇာတ်ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့တာဟာ အသရေဖျက်ရာ ရောက်တယ်လို့ ကာရိုးလ်ဘက်က စွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုအတွက် ၂၀၂၃ မေမှာ စီရင်ချက်ချခဲ့တာပါ။

လက်ရှိမှာ ထရမ့်ပ်က အသက် ၇၈ နှစ်ရှိပြီဖြစ်သလို ကာရိုးလ်က ၈၁ ရှိပြီဖြစ်တဲ့အတွက် အခင်းဖြစ်တယ်ဆိုတဲ့ အချိန်မှာ ၂ ယောက်စလုံးဟာ  ၅၀ ကျော်ပြီဖြစ်ပါတယ်။

ဂျူရီလူကြီးတွေက ထရမ့်ပ်က မုဒိမ်းကျင့်တယ်ဆိုတဲ့ အထောက်အထား မတွေ့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုအတွက် ဒေါ်လာ ၂ ဒသမ ၀၂ သန်း၊ အသရေဖျက်မှုအတွက် ဒေါ်လာ ၂ ဒသမ ၉၈ သန်း ကာရိုးလ်ကို ပေးလျော်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း ကာရိုးလ်ကို အသရေဖျက်မှု၊ ဂုဏ်သတင်း ထိခိုက်စေမှုနဲ့ ဒေါ်လာ ၈၃ ဒသမ ၃ သန်း ပေးလျော်ဖို့ အခြား ဂျူရီအဖွဲ့တဖွဲ့က ဆုံးဖြတ်ထားပါတယ်။

နှစ်မှုစလုံးမှာ ထရမ့်ပ်က ငြင်းဆိုထားပြီး ကာရိုးလ်ဟာ သူ့အကြိုက်ပုံစံမဟုတ်သလို ကာရိုးလ်ရဲ့ ဘဝမှတ်တမ်းစာအုပ် ရောင်းရအောင်လို့ လိမ်လည် ဇာတ်လမ်းဆင်တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။

ထရမ့်ပ်ဘက်က အမှုတွေကို တရားရုံးချုပ်အထိ အယူခံတက် မတက်ကတော့ မသိရသေးပါဘူး။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013