Home
နိုင်ငံတကာ
ထရမ့်ပ် ရွေးကောက်ပွဲအနိုင်ရဟု အမေရိကန်ကွန်ဂရက်လွှတ်တော် အတည်ပြု
DVB
·
January 7, 2025
Photo : UNRESTRICTED POOL

သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် အနိုင်ရကြောင်း ဒုတိယသမ္မတ ကမ်မလာဟားရစ် ဦးစီးတဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်က ဇန်နဝါရီ ၆ ရက်မှာ တရားဝင် အတည်ပြုပါတယ်။

ပြည်နယ်အလိုက် သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်တွေကို အမည်စာရင်းခေါ်ယူမှုကို  ဒီမိုကရက်သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲရှုံးခဲ့တဲ့ ဟားရစ်က ကြီးကြပ်ပေးခဲ့ပါတယ်။

အမေရိကန်ဥပဒေအရ ဒုတိယသမ္မတဟာ အထက်လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်တဲ့အတွက် လွှတ်တော်လုပ်ငန်းစဉ်ကို ကြီးကြပ်နိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တုန်းက ဝရုန်းသုန်းကားအခြေအနေနဲ့ မတူဘဲ ရှုံးသူဘက်က သဘောထားကြီးကြောင်း ဟားရစ်က ပြသခဲ့တာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ် ထရမ့်ပ်က ဘိုင်ဒင်ကို အရေးနိမ့်ခဲ့စဉ်က အလားတူ လွှတ်တော်အတည်ပြုမှု မလုပ်နိုင်အောင် ထရမ့်ပ် ထောက်ခံသူတွေက ကက်ပီတယ်လ် လွှတ်တော်အဆောက်အအုံကို ဝင်စီးခဲ့ကြပါတယ်။

ထရမ့်ပ်ဟာ လက်ရှိအချိန်အထိ ၂၀၂၀ မှာ သူရှုံးတာ မဲမသမာမှုကြောင့်ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားဆဲဖြစ်ပြီး ၂၀၂၄ မှာ သူရှုံးရင်လည်း အလားတူ မငြိမ်သက်မှုဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဟားရစ်ဟာ ပြည်နယ်အသီးသီးက ထရမ့်ပ်နဲ့ သူ့ကိုပေးကြတဲ့ သမ္မတရွေးကောက်မဲ သက်သေခံလက်မှတ်တွေကို ကိုယ်တိုင်လက်ကမ်းပေးခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတာဟာ အမေရိကန်ဒီမိုကရေစီရဲ့ အဓိက မဏ္ဍိုင်တခုဖြစ်တယ် ဆိုတာကို ပြသတဲ့နေ့ဖြစ်တယ်လို့ ဟားရစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ရွေးကောက်ပွဲရှုံးတဲ့ ထရမ့်ပ်ရဲ့ ဒုတိယသမ္မတ မိုက်ခ်ပင့်စ်ဟာ ဘိုင်ဒင်ရဲ့ အောင်ပွဲ မဲအတည်ပြုမှုကို ကြီးကြပ်ပေးခဲ့ပါတယ်။

၂၀၀၁ တုန်းကလည်း ရွေးကောက်ပွဲရှုံးတဲ့ ဒုသမ္မတ အယ်လ်ဂိုးဟာ ဂျော့ချ်ဘုရှ်ရဲ့ အောင်ပွဲ မဲအတည်ပြုမှုကို ကြီးကြပ်ပေးခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024