Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် အဆင်ပြေစေရန် Meta ကုမ္ပဏီက အချက်အလက်စစ်ဆေးရေး အစီအစဉ် ရပ်ဆိုင်း
DVB
·
January 8, 2025
Photo : META HANDOUT

Facebook ၊ Threads နဲ့ Instagram လူမှုကွန်ရက်တွေရဲ့  မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကုမ္ပဏီက လွတ်လပ်သော ကြားနေအဖွဲ့အစည်းတွေရဲ့  အချက်အလက်စစ်ဆေးရေး အစီအစဉ်ကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာသွားပါတယ်။

အဲဒီအစား X လူမှုကွန်ရက်မှာ အသုံးပြုနေတဲ့ပုံစံလိုမျိုး ဆိုရှယ်မီဒီယာသုံးစွဲသူတွေက သက်ဆိုင်ရာပို့စ်တွေကို သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း မှတ်ချက်ရေးသားပေးရမှာပါ။

ဒါဟာ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီ ဖြစ်တဲ့အလျောက် Meta က ထရမ့်ပ် သမ္မတသက်တမ်းမှာ သူတို့ရပ်တည်ချက်ကို ပြန်ချိန်ညှိလာခဲ့တာ ဖြစ်ပါတယ်။

Meta ရဲ့  စီးအီးအို မာ့ခ် ဇူကာဘတ်ဂ် ကတော့ စောင့်ကြည့်စိစစ်သူတွေဟာ “နိုင်ငံရေးဘက်လိုက်မှုများပြီး မူလအရင်းအမြစ်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြန်သွားဖို့ အချိန်တန်ပြီ” ဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။

ထရမ့်ပ်နဲ့အတူ ရီပတ်ဘလစ်ကန် ထောက်ခံသူတွေက Meta ရဲ့ သတင်းမှားစိစစ်ရေး မူဝါဒဟာ လက်ယာယိမ်းတဲ့ အသံတွေကို ဆင်ဆာဖြတ်လေ့ရှိတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

ဒါကြောင့် Meta အပါအဝင် တခြားနည်းပညာကုမ္ပဏီကြီးတွေဟာ သမ္မတတာဝန်ယူတော့မယ့် ထရမ့်ပ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ပ်နဲ့ ကာလကြာရှည် မိတ်ဆွေတယောက် ဖြစ်သလို UFC ပြိုင်ပွဲရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဒေနာဝှိုက် ကိုပါ Meta ဘုတ်အဖွဲ့ထဲမှာ အားဖြည့်ထားတယ်လို့ ဇူကာဘတ်ဂ်က အတည်ပြုပါတယ်။

အဲဒီအပြောင်းအလဲကြောင့် အပြစ်မရှိသူတွေရဲ့ ပို့စ် ဖျက်ချခံရတာလိုမျိုး “မကောင်းတဲ့အရာ” တွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ ဇူကာဘတ်ဂ် ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ Meta ရဲ့ ဆုံးဖြတ်ချက်ဟာ ထရမ့်ပ်အတွက် ကျေနပ်စေပုံရပြီး “အတော်လေးဟုတ်နေပြီ” ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

တဖက်မှာ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း Meta ရဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။

Global Witness စောင့်ကြည့်ရေးအဖွဲ့ရဲ့  တာဝန်ရှိသူ အေဗာလီးကတော့ “ဆင်ဆာရှောင်တယ်ဆိုတာ အမုန်းစကားတွေ၊ သတင်းအမှားတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ နိုင်ငံရေးပြကွက် ဖြစ်တယ်” လို့ ဝေဖန်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013