Home
နိုင်ငံတကာ
ရွေးကောက်ပွဲတွင် မိမိသာဝင်ပြိုင်ပါက ထရမ့်ပ်ကို နိုင်ခြေရှိဟု ဘိုင်ဒင်ပြော
DVB
·
January 9, 2025
Photo-Reuters

အမေရိကန်သမ္မတရာထူးက အနားယူရတော့မယ့် ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူသာပြိုင်ခဲ့ရင် ဒေါ်နယ်ထရမ့်ပ်ကို နိုင်နိုင်တယ်လို့ ထင်ကြောင်း USA Today သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ် ၄ နှစ်သက်တမ်း တာဝန်ယူဖို့ သက်လုံရှိပါ့မလား ဆိုတာတော့ မသေချာဘူးလို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။

အခုထိတော့ ကောင်းနေတုန်းဆိုပေမဲ့ အသက် ၈၆ နှစ်ကျရင် ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလို့ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ သမ္မတက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ပ်ရဲ့ ရန်သူတော်တွေဖြစ်တဲ့ ရီပတ်ဘလီကန်အမတ်ဟောင်း လစ်ဇ်ချေနီ၊ ကျန်းမာရေးအကြီးအကဲဟောင်း ဒေါက်တာအန်တိုနီ ဖောင်ချီတို့ကို လက်ဦးမှုယူပြီး ကြိုလွတ်ငြိမ်းချမ်းသာခွင့် ပေးထားဖို့လည်း သူစဉ်းစားနေတုန်းပဲလို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး အနိုင်ရသွားတဲ့ ထရမ့်ပ်နဲ့ ဘဲဥပုံရုံးခန်းမှာ တွေ့ခဲ့ချိန် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ရှင်းရှင်းပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြန်လက်စားချေနေရင် သူ့အတွက်လည်း မကောင်းဘူး၊ မလိုအပ်ဘူးဆိုတာ ထရမ့်ပ်ကို ပြောခဲ့တယ်လို့ ဘိုင်ဒင်က ဆိုပါတယ်။ ထရမ့်ပ်ဘက်ကတော့ ဘာမှ ပြန်မပြောဘဲ နားထောင်နေခဲ့တယ်လို့ ဆိုပါတယ်။

ထရမ့်ပ်က ဘယ်သူတွေကို အစိုးရအဖွဲ့မှာ ခန့်မလဲဆိုတာ ကြည့်ပြီး သူ့ဘက်ကလည်း ဆုံးဖြတ်မယ်လို့ ဘိုင်ဒင်က ပြောပါတယ်။

USA Today နဲ့ အင်တာဗျူးဟာ လက်ရှိအချိန်အထိ ဘိုင်ဒင် နုတ်မထွက်မီ ပုံနှိပ်မီဒီယာတခုကို ပေးတဲ့ တခုတည်းသော အင်တာဗျူး ဖြစ်ပါတယ်။

ဘိုင်ဒင်နဲ့ မီဒီယာထိတွေ့မှုကို အိမ်ဖြူတော်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး သမ္မတ ရွေးကောက်ပွဲက နုတ်ထွက်ကြောင်း ဇူလိုင် ၂၁ ရက်မှာ ကြေညာပြီးကတည်းက သတင်းစာရှင်းလင်းပွဲ မလုပ်တော့တာ အခုချိန်အထိ ဖြစ်ပါတယ်။

အခွန်ရှောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု ဆိုတဲ့ ပြစ်မှု ၂ ခုနဲ့ ရင်ဆိုင်နေရတဲ့ သားဖြစ်သူ ဟန်တာကို ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ကိစ္စကိုလည်း ဘိုင်ဒင်က ခုခံပြောကြားခဲ့ပါတယ်။ လွတ်ငြိမ်းမပေးဘူးလို့ ကြေညာပြီးမှ အခုလိုပေးတဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၁၉၇၂ ကတည်းက အထက်လွှတ်တော်အမတ်အဖြစ် ဝါရှင်တန်ကို ရောက်လာခဲ့တဲ့ ဘိုင်ဒင်ဟာ ဝါအရင့်ဆုံး ဒီမိုကရက်တစ်တယောက် ဖြစ်ပါတယ်။

ဒါပေမဲ့ အသက်အရွယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှု မေးခွန်းထုတ်ခံရချိန်မှာ ပြိုင်ပွဲက ထွက်ပေးဖို့ တွန့်ဆုတ်ခဲ့တဲ့အတွက် သူ့ပါတီကပါ ဖိအားပေး နုတ်ထွက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်ကို အခုချိန်အထိ ဘိုင်ဒင်က ကျေလည်ပုံမရဘဲ စစ်တမ်းတွေအရ သူနိုင်ခြေရှိခဲ့တယ်လို့ ထပ်ပြောခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024