Home
မြန်မာသတင်း
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ မထုတ်ပြန်သဖြင့် နိုင်ငံရေးပါတီများ အခက်ကြုံ
DVB
·
January 8, 2025

အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ အကြိမ်ကြိမ် ပြောဆိုနေပေမဲ့ ဒီနေ့အချိန်ထိ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ တိကျတဲ့ထုတ်ပြန်မှု မရှိတာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ရေးပါတီတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ပြီး နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထပ်မံ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒီကနေ့အချိန်ထိ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ထွက်ရှိခြင်းမရှိသေးသလို ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို ကြေညာထားခြင်းမရှိတာကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဘက်က ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

တချို့နိုင်ငံရေးပါတီတွေဘက်ကလည်း လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီရုံးခန်းဖွင့်လှစ်နိုင်ရေးကိစ္စတွေမှာ အခက်အခဲရှိနေတယ်လို့ တိုင်းလိုင်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံချိန်မှာရော ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံချိန်မှာပါ ပြောဆိုခဲ့ကြပေမဲ့ အခုချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

စစ်ကောင်စီဘက်က အခုချိန်ထိ ရွေးကောက်ပွဲမှာ နိုင်သူအကုန်ယူစနစ်နဲ့ ကျင်းပမလား၊ အချိုးကျ PR ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပမလားဆိုတာ တိတိကျကျ ပြောဆိုမှုမရှိတာကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဘက်က ပြင်ဆင်မှုမှာ အခက်အခဲ ရှိနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ တနိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ် ၃၃၀ မှာ စစ်ရေးအခြေအနေအရ မဲဆန္ဒနယ် ၁၆၁ နေရာမှာကျင်းပဖို့ စီစဉ်ထားပြီး ကျန်တဲ့နေရာတွေမှာ နောက်မှကျင်းပဖို့ စီစဉ်ထားပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေအတွက် နိုင်သူအကုန်ယူစနစ်ကို ကျင့်သုံးပြီး ကျန်လွှတ်တော်တွေမှာတော့ အချိုးကျ PR ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

အဲဒီရွေးကောက်ပွဲကို ဝင်ပြိုင်ကြဖို့ ပါတီ ၅၃ ပါတီ မှတ်ပုံပြန်တင်ထားပြီး စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီ အပါအဝင်  ၉ ပါတီက တနိုင်ငံလုံးအဆင့် ဝင်ပြိုင်မှာဖြစ်သလို ကျန်ပါတီတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

အောင်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024