
နိုင်ငံခြားရင်းမြစ်တွေကနေ “စည်းကြပ်ခွန်၊ အကောက်ခွန်နဲ့ အခွန်ဘဏ္ဍာအားလုံး” ကောက်ခံဖို့ ပြည်ပအခွန်များဦးစီးဌာန (External Revenue Service) ဆိုတဲ့ အစိုးရဌာနတရပ်ကို ဖွဲ့စည်းသွားမယ်လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။
လက်ရှိမှာ စည်းကြပ်ခွန်၊ အကောက်ခွန်၊ ဒဏ်ကြေးနဲ့ အခြားဝန်ဆောင်ခ အရပ်ရပ်ကို အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးက ကောက်နေသလို အမေရိကန်မြေပေါ်က နိုင်ငံခြားကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း ပြည်တွင်းအခွန်များဦးစီးဌာန (IRS) ကပဲ ကောက်ခံတာ ဖြစ်ပါတယ်။
တကမ္ဘာလုံးမှာလည်း ပြည်တွင်းအခွန်များဦးစီးဌာန (Internal Revenue Service) ဆိုတဲ့ ဌာနတွေပဲ ရှိကြတာဖြစ်ပြီး ပြည်ပအခွန်များဌာန ဆိုတာကတော့ မကြုံစဘူး ဖြစ်ပါတယ်။
ထရမ့်ပ်ကတော့ သူသမ္မတဒုတိယသက်တမ်း စတာဝန်ယူတဲ့နေ့မှာပဲ ပြည်ပအခွန်ဌာနကို ဖွဲ့မယ်လို့ ဆိုပါတယ်။
“ပြည်တွင်းအခွန်ဌာန (IRS) ကိုသုံးပြီး ကျုပ်တို့ရဲ မဟာပြည်သူတွေအပေါ် အခွန်ကောက်တာကို မှီခိုလာခဲ့တာ ကြာပြီ” လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။
ပျော့ပြောင်းပြီး သုံးစားမရအောင် အားနည်းတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ အမေရိက စီးပွားရေးဟာ ကမ္ဘာကြီးကို တိုးတက်ပြီး သာယာဝပြောအောင် လုပ်နေချိန်မှာ ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ်ကျ အခွန်တွေ ကောက်နေခဲ့ပါတယ်။ ဒါကို ပြောင်းလဲဖို့ အချိန်ကျပါပြီလို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။
ဒါကြောင့် ပြည်ပရင်းမြစ်တွေဆီကလာတဲ့ “စည်းကြပ်ခွန်၊ အကောက်ခွန်နဲ့ အခွန်ဘဏ္ဍာအားလုံး” ကောက်ခံဖို့ ပြည်ပအခွန်များဦးစီးဌာနဖွဲ့ဖို့ ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကုန်သွယ်ရေးကနေ ကျုပ်တို့ဆီကနေ ပိုက်ဆံရနေတဲ့သူတွေကို စကောက်ခံမှာဖြစ်ပြီး သူတို့တွေဟာ မျှတတဲ့ ဝေစုကို စပေးရလိမ့်မယ်” လို့ပါ ထရမ့်ပ်က ရေးထားပါတယ်။
အဲဒီအေဂျင်စီသစ်ဟာ ဘယ်လိုအလုပ်လုပ်မလဲ ဆိုတာကိုတော့ ထရမ့်ပ်အဖွဲ့က မထုတ်ပြန်ထားသေးပါဘူး။
Source : Reuters