Home
နိုင်ငံတကာ
သမ္မတ ထရမ့်ပ်က လွှတ်တော်အဆောက်အဦအား တိုက်ခိုက်ခဲ့သူ ၁,၅၀၀ ကို လွတ်ငြိမ်းခွင့်ပေး
DVB
·
January 21, 2025
Photo : U.S. NETWORK POOL

ဒေါ်နယ်ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူး ပြန်လည်ရယူပြီးနောက် နာရီပိုင်းအကြာမှာပဲ သူဆန္ဒပြုထားတဲ့အတိုင်း လွန်ခဲ့တဲ့ ၄ နှစ်လောက်က အမေရိကန် လွှတ်တော်အဆောက်အဦအား တိုက်ခိုက်ခဲ့တဲ့ သူ့ထောက်ခံသူ ၁,၅၀၀ ‌လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန် လွှတ်တော်အဆောက်အဦအား တိုက်ခိုက်ခဲ့တဲ့ ထောက်ခံသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်ချက်ဟာ ခေတ်သစ်အမေရိကန်သမိုင်းမှာ မကြုံစဘူး ဖြစ်ရပ်တခုအတွင်း အသက်အန္တရာယ်ကျရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဥပဒေပြုအမတ်တွေနဲ့ တခြားသူတွေကို ဒေါသထွက်စေမှာ သေချာတယ်လို့ ရိုက်တာသတင်းမှာ ရေးသားပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ ရဲအရာရှိ ၁၄၀ လောက်ကို ဓာတုဗေဒပစ္စည်းတွေနဲ့ ဖျန်းခဲ့ပြီး တချို့ကို ပိုက်လုံးတွေ၊ တိုင်တွေ၊ တခြားလက်နက်တွေနဲ့လည်း တိုက်ခိုက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ ထရမ့်ပ်ကို ထောက်ခံသူတယောက် အပါအဝင် အုံကြွသောင်းကျန်းမှုအတွင်း လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ပြန်လွတ်လာသူတွေထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေကြရတဲ့ လက်ယာစွန်းရောက် Oath Keepers အဖွဲ့နဲ့ Proud Boys စစ်သွေးကြွအဖွဲ့တို့က ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။

ထရမ့်ပ်ကတော့ သူတို့တွေဟာ ဓားစာခံတွေသာဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ ဒီည ထွက်လာမယ်လို့ မျှော်လင့်ကြောင်းလည်း သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်သွားချိန်က လူအုပ်ကို ဝင်ရောက်စီးနင်းခဲ့တဲ့ အဲဒီ လွှတ်တော်အဆောက်အဦမှာပဲ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက် အစောပိုင်းက ထရမ့်ပ်ဟာ သမ္မတ ရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013