Home
ဆောင်းပါး
စစ်အာဏာသိမ်း ၄ နှစ် မြန်မာ့အရေး သုံးသပ်ချက်
DVB
·
January 29, 2025

မြန်မာနိုင်ငံမှာ စစ်တပ်က လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းထားတာဟာ မကြာခင်မှာ ၄ နှစ်ပြည့်မြောက်တော့မှာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အာဏာသိမ်းကာလ ၄ နှစ်ကြာအထိ စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် လက်လွတ်စပယ် ထင်ရာစိုင်း ဖမ်းဆီး နှိပ်စက်၊  တရားလက်လွှတ် သတ်ဖြတ်တာတွေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတာ စတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေး အခြေအနေတွေဟာ နေ့စဉ်ရက်ဆက် ဆိုးဝါးသထက် ဆိုးဝါးလာနေပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ကတော့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ တရားမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ၄ နှစ်အတွင်း ပြည်တွင်းမှာရော နိုင်ငံတကာမျက်နှာစာမှာပါ သိသာထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေ ရှိခဲ့ပေမဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာကလွဲလို့ အပြောင်းအလဲ အများစုဟာ လက်ရှိ လက်ရှိသွားနေတဲ့ ဦးတည်ရာ လမ်းကြောင်းတွေရဲ့ အခန်းဆက်အနေနဲ့ ရှေ့ဆက်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာရှိနေတဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ မြန်မာ့အရေးမှာ ဆက်ပြီး ကြားဝင်စွက်ဖက်မယ့် အလားအလာရှိတဲ့အတွက် မြန်မာပြည်သူတွေအဖို့ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက် အကြမ်းဖက်မှုအရေးတွေကို အချိန်မရွေး ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ အကြောက်တရားတွေအောက်မှာ ဆက်လက်နေထိုင် ဖြတ်သန်းသွားကြရဦးမှာ ဖြစ်ပါတယ်။

ဖြစ်ပေါ်ဆဲ လက်နက်ကိုင်ပဋိပက္ခ

ပဋိပက္ခ လေ့လာစောင့်ကြည့်ရေး (Vimutti-(ဝိမုတ္တိ) အဖွဲ့က ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်မှာ တိုက်ပွဲဖြစ်ပွားမှုဟာ ၂၀၂၃ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် မြင့်တက်လာခဲ့တာတွေ့ရပြီး မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ် ၂၁၈ မြို့နယ်၊ ပြည်နယ်နဲ့တိုင်းအနေနဲ့ဆိုရင် ဧရာဝတီတိုင်းကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ် အားလုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းကာလ ၄ နှစ်ထဲ ရောက်လာချိန်မှာ ကချင်ပြည်နယ်ရှိ ချီဖွေနဲ့ ဆော့လော၊ ရခိုင်ပြည်နယ်ရှိ ဂွနဲ့ သံတွဲ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်း၊ ဆီဆိုင်နဲ့ ရပ်စောက် စတဲ့ အရင်က တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိတဲ့ ဒါမှမဟုတ် အနည်းအကျဉ်းသာရှိတဲ့ မြို့နယ်တွေအထိပါ တိုက်ပွဲတွေ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်အတွင်း တော်လှန်ရေးအင်အားစုတွေဘက်က အရေးပါတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်ဆိုတဲ့အချက်ကို ထပ်ဟပ်စေခဲ့ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (EAO) တွေဟာ ဆယ်စုနှစ်များစွာကြာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေဒေသတွေကို ပြန်လည်သိမ်းပိုက် ရယူနိုင်ခဲ့ပြီး စိုးမိုးနယ်မြေတွေကို ချဲ့ထွင်နိုင်ခဲ့ ပါတယ်။

တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်အထိ တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး စစ်ခေါင်းဆောင်တွေရဲ့ ခရီးစဉ်လမ်းကြောင်းရှိရာ စစ်အခြေစိုက်စခန်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်ဘောင်ကျယ်ပြန့်လာမှုနဲ့အပြိုင် လုပ်ဆောင်လာနိုင်ခဲ့တာကို ထောက်ရှုခြင်းအားဖြင့် အခု ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသဟာ စစ်ရေးအရ မဟာဗျူဟာကျကျ ပိုမိုအရေးပါတဲ့နေရာ ဖြစ်လာနိုင်ပြီး တိုက်ပွဲတွေရဲ့ဆုံချက် ဖြစ်လာနိုင်ခြေ ရှိပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကလည်း ဆုံးရှုံးနယ်မြေတချို့ကို ပြန်လည် ရယူနိုင်ဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကိုကြည့်ရင် စစ်တပ်ဘက်ကလည်း ပြောင်းလဲလာတဲ့ အခြေအနေ အချိန်အခါနဲ့အညီ လိုက်ပါ ပြောင်းလဲနိုင်စွမ်း ရှိတယ်ဆိုတာကို ပြသထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဟာ ၂၀၂၄ ခုနှစ်အတွင်း သိသာအထင်ရှားဆုံး ဖြစ်ရပ်တွေထဲက တခုဖြစ်ပြီး စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေအပြင် ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုတွေ အကြီးအကျယ် ရှိခဲ့ပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုနှင့် သတ်ဖြတ်ခံရမှု

၂၀၂၄ ခုနှစ်မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မြင့်မားခဲ့ပြီး အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။ နယ်မြေဒေသတွေနဲ့ တပ်စခန်းပေါင်းများစွာ လက်လွတ်ဆုံးရှုံးခဲ့ရချိန်မှာ စစ်ကောင်စီဟာ မြေလှန်စနစ် စစ်ရေးဗျူဟာကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းနဲ့ ဒုက္ခသည်စခန်းတွေ အပါအဝင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို လေကြောင်းကနေ ရော လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အရပ်ဘက် အခြေခံအဆောက်အအုံတွေနဲ့ စားနပ်ရိက္ခာ လမ်းကြောင်းတွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေအတွက် အသုံးတည့်နိုင်တဲ့ အရာမှန်သမျှနဲ့ အရင်းအမြစ်တွေကို ဖျက်ဆီးလိုက်မယ်ဆိုရင် ပြည်သူကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေးသမားတွေ အားနည်းသွားစေနိုင်ပြီး တော်လှန်ရေးအဖွဲ့တွေအပေါ် ပြည်သူတွေရဲ့ ထောက်ခံမှု ဒါမှမဟုတ် ထောက်ပံ့မှုတွေလည်း အားလျော့သွားစေ နိုင်တယ်လို့ စစ်ကောင်စီက တွက်ဆ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ကုလကျွမ်းကျင်ပညာရှင် အဖွဲ့တဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ ၆,၀၀၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်ဟာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအရေအတွက် အမြင့်ဆုံး ဖြစ်ခဲ့ပြီးတော့ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။

ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အရပ်သားနဲ့ စစ်ရေးပစ်မှတ် မခွဲခြားဘဲ လူသတ်မိုင်းတွေကို နှစ်ဖက်စလုံးက အသုံးပြုနေတာဟာ အရပ်သားပြည်သူတွေကို သေတွင်းထဲ တွန်းပို့ပေးသလို ဖြစ်နေပါတယ်။ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးခဲ့ရမှု အရေအတွက်ဟာ ဆီးရီးယားနိုင်ငံရဲ့ စံချိန်ထက် ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL) က ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလက အစီရင်ခံ ဖော်ပြခဲ့ပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်အတွင်း ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုပေါင်း ၂၂၇ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တုန်းကလည်း အလားတူ အရေအတွက် ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ ချင်းနဲ့ ကရင်ပြည်နယ်တွေကလွဲလို့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ဖြစ်ပွားခဲ့ပြီး ပစ်မှတ်ထား သတ်ဖြတ်မှုဖြစ်စဉ် အားလုံးနီးပါးကို တော်လှန်ရေး ဘက်တော်သားတွေက လုပ်ဆောင်ခဲ့ပြီး သတ်ဖြတ်ခံရသူအများစုဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ်သတင်းပေးဆိုသူတွေ ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း တပ်သားသစ်စုဆောင်းမှုတွေနဲ့ တိုက်ရိုက်ဆက်နွှယ်နေသူတွေ သတ်ဖြတ်ခံရမှုဟာ မတ်လနဲ့ ဧပြီလမှာ မြင့်တက်ခဲ့ပါတယ်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်းရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းပေါင်း ၁၄၆ ကျောင်း ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။ စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်တွေကို တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတချို့ ထိခိုက် ပျက်စီးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍမှာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း ဆေးရုံဆေးခန်းပေါင်း ၁၂၆ ခု ထိခိုက် ပျက်စီးခဲ့ပြီး သူနာပြုဆရာမ ၂၈ ဦး သေဆုံးခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့အထိ ရရှိတဲ့ စာရင်းတွေအရ ကျန်းမာရေး အဆောက်အဦပေါင်း ၄၃ ခုထက်မနည်းမှာ လက်နက်ကိုင်တပ်တွေ စခန်းချ တပ်စွဲထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့သူတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆေးရုံအတော်များများကို ပိတ်ပစ်ခဲ့ပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဆေးတပ်သားအနေနဲ့ စစ်တပ်က လူသစ်စုဆောင်းခဲ့တာကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

၂၀၂၄ ခုနှစ်ထဲမှာ သဘာဝဘေးအန္တရာယ်နဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေကလည်း စီးပွားရေးကဏ္ဍအပေါ် ဆိုးကျိုးတွေ သက်ရောက်စေခဲ့ပါတယ်။ မေလနဲ့ ဧပြီလတို့မှာ အပူလှိုင်းဖြတ်သန်းမှုကြောင့် အပူလွန်ကဲမှုတွေ ဖြစ်ပေါ်ခဲ့ချိန်မှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပြတ်တောက်မှုတွေက ဘူးလေးရာ ဖရုံဆင့်ဆိုသလို အခြေအနေတွေကို ပိုမို ဆိုးဝါးစေခဲ့ပြီး ဧပြီလ တလတည်းမှာပင် လူပေါင်း ၁,၄၇၃ ဦး သေဆုံးခဲ့ရပါတယ်။ ဇူလိုင်လနဲ့ စက်တင်ဘာလတို့မှာလည်း မုတ်သုန်မိုး ရွာသွန်းမှုနဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီ ဝင်ရောက် တိုက်ခတ်မှုကြောင့် နိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးဒဏ်ရာရရှိခဲ့ကာ ပညာရေးနဲ့ ကျန်းမာရေး အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရေဘေးကြောင့် ပြည်နယ်နဲ့ တိုင်း ၉ ခုရှိ စာသင်ကျောင်းပေါင်း ၁,၇၀၀ ကျော် ပိတ်ထားခဲ့ရပြီး စာသင်ကျောင်းပေါင်း ၈၇၅ ကျောင်းနဲ့ ကျန်းမာရေး အဆောက်အဦပေါင်း ၂၄၁ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလမှာ ခန့်မှန်း ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းအလွန်ကာလ စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဝင်ရောက် ဖြေဆိုသူဦးရေနဲ့ အောင်ချက်ရာခိုင်နှုန်းဟာ သိသိသာသာ ထိုးကျခဲ့သလို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့နောက် အဆင့်မြင့် ပညာရေးတက္ကသိုလ်တွေကို ဆက်လက် တက်ရောက် သင်ကြားသူဦးရေဟာလည်း ၂၀၂၀ ပြည့်နှစ်ကနဲ့ နှိုင်းယှဉ်ရင် အဆမတန် လျော့နည်းခဲ့ပါတယ်။

အတိုက်အခံ တော်လှန်ရေးဘက်မှာတော့ အဆင်မြင့်ပညာရေးကို ဖော်ဆောင်ပေးနိုင်တဲ့အထိ ခရီးပေါက်လာခဲ့ ပါတယ်။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီစဉ် ကျင်းပတဲ့ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်ခြင်း (BECA) စာမေးပွဲကို အွန်လိုင်းကနေ ဖြေဆိုရာမှာ စည်းကမ်းချက်တွေအတိုင်း လိုက်နာဖြေဆိုခဲ့ခြင်း မရှိဘူးလို့ ယူဆတဲ့ ကျောင်းသူကျောင်းသားတွေကို အောင်လက်မှတ်တွေ ထုတ်မပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်တင် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ပြည်ပကနေ ဆေးနဲ့ ဆေးပစ္စည်း ဝယ်ယူတင်သွင်းခွင့်အပေါ် စစ်ကောင်စီက မူဝါဒသစ်ချမှတ်ပြီး စည်းမျဉ်းတွေ တင်းကျပ်ခဲ့တာကလည်း နိုင်ငံတဝန်း ဆေးဝါးနဲ့ ဆေးပစ္စည်း လိုအပ်ချက် အခက်အခဲကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဆေးနဲ့ ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ် မလျှောက်ထားခင်မှာ ပို့ကုန်ကနေ ရရှိတဲ့ဝင်ငွေ တင်ပြနိုင်မှသာ တင်သွင်းခွင့်ပြုသွားမယ်လို့ စစ်ကောင်စီက သတ်မှတ်ခဲ့တဲ့အတွက် ဆေးဝါးပြတ်လပ်မှုနဲ့ ဆေးနဲ့ ဆေးပစ္စည်း ကုန်ဈေးနှုန်းတွေ ထိုးတက်ခဲ့ပြီး ဆေးကုမ္ပဏီ အတော်များများ ယာယီ ဒါမှမဟုတ် အပြီးတိုင် ပိတ်သိမ်းခဲ့ရပါတယ်။

နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဆီးချို၊ အသည်းရောင်ရောဂါ၊ HIV နဲ့ တီဘီရောဂါတို့လို နာတာရှည် ရောဂါဝေဒနာရှင်တွေ ရေရှည်စွဲသောက်ရတဲ့ ဆေးဝါးတွေနဲ့ ကာကွယ် ကုသဆေးတွေ မရရှိမှု ဒါမှမဟုတ် ရရှိဖို့ အချိန်ကြန့်ကြာမှုတွေကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရသူတွေ များစွာ ရှိခဲ့ပါတယ်။

အလားတူ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဆေးကုသခွင့် ပိတ်ပင်ထားတဲ့အတွက် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၂ ဦးထက်မနည်း  အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ လူသိအများဆုံးနဲ့ မှတ်မှတ်ထင်ထင် အဖြစ်ခဲ့ဆုံး ဖြစ်စဉ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေး ဖြစ်ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နောက်ဆုံး ဈာပနခရီးကို လူပေါင်း ထောင်သောင်းချီ လိုက်ပါပို့ဆောင် ဂါဝရပြုခဲ့ကြပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုချီတက်ဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း လူထုပရိသတ် အများဆုံး စုဝေးမှုလည်း ဖြစ်ခဲ့ပါတယ်။ အချိန်မီ ဆေးကုသခွင့်မရတဲ့အတွက် ဒေါက်တာဇော်မြင့်မောင်နဲ့ တခြား အထင်ကရ နိုင်ငံရေးသမားကြီးတွေ သေဆုံးခဲ့ရမှုက သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ နာတာရှည်ရောဂါ အခံရှိတဲ့ အကျဉ်းသားတွေရဲ့ အခြေအနေတွေအပေါ် စိုးရိမ် ပူပန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့် မရတာနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)လို လွတ်လပ်တဲ့ အဖွဲ့အစည်းကြီးတွေတောင် စစ်ကောင်စီ အကျဉ်းထောင်တွေထဲကို ဝင်ရောက် စစ်ဆေးခွင့် မရတာတွေကြောင့်လည်း အကျဉ်းသားတွေရဲ့ လူမှုဘဝ ဆင်းရဲဒုက္ခတွေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်စရာ ဖြစ်ခဲ့တဲ့အပြင် စစ်ကောင်စီဆန့်ကျင်ရေး သဘောထားတွေ ပိုမိုတင်းမာစေခဲ့ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေ ဆေးကုသမှု ခံယူခွင့်ရှိတဲ့ နိုင်ငံတကာစံနှုန်းတွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူ ရရှိခဲ့တဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ နိုင်ငံသားအကျဉ်းသားပေါင်း ၂၁,၄၇၉ ဦး ဖမ်းဆီး အကျဉ်းချခံထားရပြီး ထောင်အာဏာပိုင်တွေနဲ့ တခြားထောင်သားတွေရဲ့ နှိပ်စက်မှုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထားရှိတဲ့ ထောင်တွင်းအခြေအနေ ဆိုးဝါးမှုနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း တရစပ် ထွက်ပေါ်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုဆီ ဦးတည်နိုင်မလား

၂၀၂၄ ခုနှစ်အတွင်း အဓိကကျတဲ့ နောက်ထပ် ဖြစ်ပေါ် ပြောင်းလဲမှုတခုကတော့ ရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက် ဖြစ်ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲ ကျင်းပမယ်လို့ တောက်လျှောက် ကတိပြု ပြောဆိုလာခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာ စစ်ရေးအရ မရှုမလှ အရှုံးကြီး ရှုံးနိမ့်ပြီး ဘေးကျပ်နံကျပ် အခြေအနေကို ဆိုက်ရောက်လာမှသာ ထွက်ပေါက်ရှာတဲ့အနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ထဲထဲဝင်ဝင် ပြင်ဆင်လာခဲ့တာ တွေ့ရပါတယ်။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်နေပြီး အောက်တိုဘာလထဲမှာလည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ နိုင်ငံရဲ့ နယ်မြေဒေသ ထက်ဝက်ကျော်ကို တော်လှန်ရေး အဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားချိန်မှာ ရွေးကောက်ပွဲကို စီစဉ် ကျင်းပသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

ဒီလိုအချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က တသံတည်းညီ၊ တချီတည်းရုန်းနိုင်မလား ဆိုတာကလည်း တပ်အပ်ပြောလို့ မရနိုင်သေးပါဘူး။ တချို့တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဟာ သိမ်းပိုက်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်ပြီး သူတို့ရဲ့ ပထဝီဝင်အနေအထား၊ နိုင်ငံရေးအကျိုးစီးပွားတွေနဲ့ ရည်မှန်းချက်တွေအရ နယ်မြေတိုးချဲ့မှုတွေ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ တခြား တော်လှန်ရေးအဖွဲ့ အတော်များများဟာလည်း တရားစီရင်ရေးစနစ်တွေ ဖော်ဆောင်လာကြတာ တွေ့ရပေမဲ့ လုပ်ငန်းစဉ် ဖော်ဆောင်မှု နှောင့်နှေးကြန့်ကြာတာတွေကြောင့် တခါတရံမှာ ပြစ်တင် ဝေဖန်ခံရမှုတွေလည်း ရှိခဲ့ပါတယ်။

နောက်ပြီး အခွန်ကောက်ခံတာ၊ သဘာဝသယံဇာတ စီမံခန့်ခွဲမှုကိစ္စတွေနဲ့ တော်လှန်ရေးသမားတချို့ရဲ့ ကျင့်ဝတ်နဲ့ မလျော်ညီတဲ့ ပြုမူ ဆက်ဆံမှုတွေကြောင့်  ဒေသခံပြည်သူတွေနဲ့ (ပအဖ)လို့ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကြား သဘောထား တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအယူဝါဒ ခံယူချက် မတူကွဲလွဲမှုတွေနဲ့ နယ်မြေပိုင်နက်ကိစ္စတွေကြောင့် အထူးသဖြင့် ချင်းပြည်နယ်က တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာလည်း တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာလွန်ဆွဲပွဲ

နိုင်ငံတကာဘက်ကိုကြည့်ရင် ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးမှာ တိုးတက်မှုကောင်းတွေ ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားတို့က စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့အချက်က ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေ ထိရောက်မှု မရှိခဲ့တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ အာဆီယံကလည်း မြန်မာ့အရေး ဆွေးနွေးရာမှာ အချိန်သတ်မှတ်ချက်မရှိတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုပဲ ကိုင်စွဲထားဆဲ ဖြစ်ပြီး ဒီဘုံသဘောတူညီချက်ဟာ အလုပ်မဖြစ်ဘူးဆိုတာ ကုန်လွန်ခဲ့တဲ့ အချိန်တွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီအပေါ် တိကျပြတ်သားတဲ့ အရေးယူမှုတွေ မလုပ်ဆောင်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ မြန်မာ့အရေး အဖြေရှာရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားထဲမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေတာကြောင့်ဖြစ်ပြီး အာဆီယံနိုင်ငံတချို့ဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကို ချန်လှပ်ထားပြီး နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ် တဦးကိုသာ တက်ရောက်ခွင့်ပြုမယ်လို့ အာဆီယံက ဆုံးဖြတ်ထားပေမဲ့ ဒါဟာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့လို နိုင်ငံတွေက စနစ်တကျနဲ့ အကွက်ဆင်ထားတဲ့ လုပ်ဇာတ်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ကြီးများအဆင့် အစည်းအဝေးအပါအဝင် အာဆီယံ အစည်းအဝေးပေါင်း ၅၀၀ ကျော်ကို စစ်ကောင်စီ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလို မြန်မာ့အရေးမှာ အဓိကကျတဲ့ အတိုက်အခံတွေနဲ့ တရားဝင် စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့မှုအပေါ်  ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမှန်တကယ် ပံ့ပိုးပေးနိုင်ဖို့ဆိုရင် တက်ကြွတဲ့ ချဉ်းကပ်မှုမျိုး လိုအပ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ထောက်ပြထားပါတယ်။

အနောက်နိုင်ငံတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ ကပ်ဘေးမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူအတွက် အကျိုးများနိုင်ပေမဲ့ အကြမ်းဖက်စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေရဲ့ သံတမန်ရေး ဖိအားကတော့ မပြောပလောက်တဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာ့အရေး ဖြေရှင်းရေးမှာ အာဆီယံကို ရှေ့တန်းတင်ထားကြောင့်လည်း ထိရောက်မှုမရှိ ဖြစ်နေတာပါ။  စစ်ကောင်စီအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပေမဲ့ စစ်ကောင်စီ ပြိုလဲနိုင်ဖို့အထိတော့ သက်ရောက်မှု မရှိခဲ့ပါဘူး။ မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ အခန်းကဏ္ဍဟာ အရေးပါသလို တရုတ်နိုင်ငံကတော့ ပိုပြီး အခရာကျနိုင်ပါတယ်။

အိမ်နီးချင်းထိုင်း

အိမ်နီးချင်း အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးမှာ အတက်ကြွဆုံး ပါဝင်နေတဲ့ နိုင်ငံဖြစ်ပြီး မြန်မာ့အရေးဆိုင်ရာ အလွတ်သဘော အစည်းအဝေးကိုလည်း ကမကထပြု ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရအနေနဲ့ ထိရောက်မှုမရှိတဲ့ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေထက် မြန်မာပြည်သူတွေအတွက် လက်ဆုပ်လက်ကိုင် အကျိုးပြုနိုင်ရှိတဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ပိုမို အားစိုက် လုပ်ဆောင်သွားသင့်ပါတယ်။ ဥပမာအနေနဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်တာ၊ ခြိမ်းခြောက် ငွေညှစ်တာ၊ နိုင်ငံအတွင်းခိုလှုံသူတွေကို အတင်းအကျပ် နေရပ်ပြန်ပို့တာနဲ့ မြန်မာမုန်းတီးရေး သဘောထားတွေ မြင့်မားအောင် လှုံ့ဆော်နေမှုတွေကို တားဆီးသွားသင့်ပါတယ်။ ဒါ့အပြင် အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီကို ဒေသခံ လူမှုအဖွဲ့အစည်းတွေကနေတဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားဖို့နဲ့  ၂၀၂၁ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်နဲ့အညီ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေတာတွေကို ဟန့်တား အရေးယူပြီး စစ်ကောင်စီလုပ်ငန်းတွေမှာ ထိုင်းဘဏ်တွေကနေတဆင့် ငွေသွင်းငွေထုတ် လုပ်နေတာတွေကို တားမြစ်မှုတွေ လုပ်ဆောင်သွားသင့်ပါတယ်။

ဒါပေမဲ့လည်း ထိုင်းနိုင်ငံအတွင်းမှာ ရှုပ်ထွေးတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေ များစွာ ရှိနေတာကြောင့် မြန်မာပြည်သူတွေအတွက် ဒီလိုအဓိပ္ပါယ်ပြည့်ဝတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပေါ်လာဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ တရုတ်ကျောထောက် နောက်ခံပေးထားတဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ထိုင်းအစိုးရတို့ကြား မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံနယ်စပ် နယ်မြေအငြင်းပွားမှုကိစ္စ‌က ထိုင်းနိုင်ငံအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တချို့ ချမှတ်ရဖို့ ဖြစ်လာစေခဲ့ပါတယ်။ UWSA ဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုကနေ ဝင်ငွေ အလုံးအရင်းလိုက် ရရှိနေပြီး မူးယစ်ဆေးဝါး အမြောက်အမြားကို ထိုင်းနိုင်ငံဘက်ကနေတဆင့် မှောင်ခိုတင်ပို့ နေတာကိုကြည့်ရင် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေဟာလည်း ဒီတရားမဝင် လုပ်ငန်းကနေ အကျိုးအမြတ်တွေ ကြီးကြီးမားမား ရနေတယ်ဆိုတာ သိသာထင်ရှားစေတယ်လို့ ဆိုပါတယ်။ UWSA ကို ထိုင်းအစိုးရက ပြတ်သားတဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ခြင်း မရှိတာဟာ ထိုင်းအာဏာပိုင်တချို့အနေနဲ့ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းမှာ အလိုတူအလိုပါ လုပ်ကိုင်နေကြတာ ဒါမှမဟုတ် အကျိုးအမြတ်တွေ ရရှိနေတာကြောင့် ဖြစ်တယ်ဆိုတဲ့ ထင်မြင် ယူဆချက်တွေ ပြည်သူတွေကြားမှာ ထွက်ပေါ်စေခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အထူးသဖြင့် တရုတ်ခရီးသွားတွေ ဆက်တိုက်လိုလို ပျောက်ဆုံးနေတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို နှစ်နိုင်ငံတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က ကြေညာခဲ့ပါတယ်။

အိမ်နီးချင်းတရုတ်

တရုတ်နိုင်ငံဟာ မြန်မာအရေးမှာ အဓိကကျတဲ့ ဇာတ်ကောင်အနေနဲ့ အမြဲတမ်း ပါဝင်လာခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ တိုက်ရိုက် ပိုမိုဝင်ရောက် စွက်ဖက်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ တရုတ်နိုင်ငံဟာ သူ့ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီကိုရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ အထောက်အပံ့တွေ တလှည့်စီပေးအပ်ပြီး လှေနံနှစ်ဖက်နင်းတဲ့ မူဝါဒကို တောက်လျှောက် ကျင့်သုံးခဲ့ပါတယ်။ အခုလက်ရှိမှာတော့ သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးချပြီး မြန်မာ့အကျပ်အတည်းကို လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ ဇာတ်ကောင်အဖြစ် တဖက်သတ် ကြိုးပမ်း လာခဲ့ပါတယ်။

အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုက မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ဂျေဆန်တာဝါကတော့ ဘေဂျင်းအနေနဲ့ တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးထက် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေအတွက် စိုးရိမ်ချက်တွေ ရှိနေတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ရပ်တည်ချက် သဘောထားကို သုံးသပ် ပြောကြားထားပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ တိုက်ပွဲတွေရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးသွားဖို့ တရုတ်ရဲ့ ဖိအားပေးမှုတွေ ရှိနေပါတယ်။ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ ပဋိပက္ခဖြစ်ပွားမှုနဲ့ ဒုစရိုက် လုပ်ငန်းတွေ ရောထွေးယှက်တင် ဖြစ်နေမှုကို မီးမောင်းထိုးဖော်ပြထားပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း လူကုန်ကူးမှု၊ ကျားဖြန့် ငွေလိမ်ကွန်ယက်တွေ လည်ပတ်နေမှုနဲ့ အဓမ္မကျွန်ပြုစေခိုင်းမှုစတဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ဆောင်နေမှုကို ဖော်ပြထားပါတယ်။ ဒီအခြေအနေတွေဟာ တရုတ်နိုင်ငံရဲ့ လုံခြုံရေး အတွက်သာမက တရုတ်နဲ့ စစ်ကောင်စီတို့ကြား ဆက်ဆံရေးအတွက်ပါ စိန်ခေါ်မှုတခု ဖြစ်လာပါတယ်။

ဒီအချိန်မှာ အိန္ဒိယနိုင်ငံဟာ တရုတ်နဲ့ အာဏာချိန်ခွင်လျှာ ညှိနိုင်ဖို့အတွက် မြန်မာ့အရေးမှာ ပိုမို ပါဝင်လာခဲ့ပြီး စစ်ကောင်စီနဲ့ရော အတိုက်အခံတွေနဲ့ပါ ထိတွေ့ဆက်ဆံလာခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ သံတမန်ရေး မဟာဗျူဟာကလည်း ကြောင်းကျိုး ဆီလျော်မှု ဘယ်လောက်ရှိပြီး ထိရောက်မှုရှိမလဲဆိုတာ စောင့်ကြည့်သွား ရမှာပါ။

အမေရိကန်နှင့် အီးယူ

အမေရိကန်ဟာ မြန်မာ့အကျပ်အတည်းကို တဖက်လှည့်နည်းနဲ့သာ ချဉ်းကပ်ခဲ့ပြီး တိုက်ရိုက်ကြားဝင် ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ပ် လက်ထက်မှာတော့ အပြောင်းအလဲတွေ မြင်တွေ့လာရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အမေရိကန်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး တည်ငြိမ်မှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အစိုးရတရပ် ထူထောင်ရေးကို ပံ့ပိုးပေးနိုင်တဲ့ လက်လွတ်မခံသင့်တဲ့ အခွင့်အလမ်းတရပ် ပိုင်ဆိုင်ထားတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် Wilson Center မှ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးတန်း သုတေသနပညာရှင် လူးကက်စ် မိုင်ယာစ်က သူ့ရဲ့ လေ့လာ တွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

ဒီအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်ခြင်း မရှိဘူးဆိုရင် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို နှောင့်နှေးစေနိုင်ပြီး အဆိုးဆုံးကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ကြိုးပမ်းမှုတွေကို နှေးကွေးသွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်အပေါ် စိတ်ပျက်မှုတွေဟာ မြင့်တက်လာနိုင်တယ်လို့လည်း လူးကက်စ်မိုင်ယာစ်က အကြံပြုထားပါတယ်။ အလားတူ လေ့လာသုံးသပ်သူတချို့ကလည်း မြန်မာ့အရေးအပေါ် အမေရိကန်ရဲ့ အလေးမထားမှုကို တရုတ်နိုင်ငံက အခွင့်အရေးအဖြစ်  ကောင်းကောင်းအသုံးချပြီး မဟာဗျူဟာမြောက် အရေးပါတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်ခေါင်းဆောင်မှု လစ်ဟာ နေတဲ့ အာဏာလေဟာနယ်မှာ နေရာအပြည့်အဝ ရယူနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ထောက်ပြထားပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) ဟာ ၁၉၉၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် အီးယူရဲ့ ပထမဆုံး အထူးသီးသန့် ထောက်ပံ့ရေး မဟာဗျူဟာကိုတော့ ၂၀၀၇ ခုနှစ်မှာ စတင် ဖော်ဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအလွန် ကာလမှာ အီးယူရဲ့ ကူညီထောက်ပံ့မှုတွေဟာ အသက်တမျှ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ပဋိပက္ခတွေ ဖြစ်ပွားနေပေမဲ့ အီးယူဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခိုင်အမာ ထောက်ပံ့ပေးနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ စားဝတ်နေရေးနဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုစတဲ့ အဓိကကျတဲ့ နယ်ပယ် ၃ ခုကို ဦးစားပေးအနေနဲ့ အကူအညီပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အီးယူအပါအဝင် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနဲ့ ဗြိတိန်အစိုးရတို့ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ပူးတွဲထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ အရှိန်လျော့ချဖို့၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာသွားဖို့ စစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို တိုက်တွန်းထားပြီး  မြန်မာ့အရေး အဖြေရှာရေးမှာ အာဆီယံရဲ့ ဗဟိုအချက်အချာ ကျမှု အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံတဲ့အကြောင်း ထပ်လောင်း ဖော်ပြထားပါတယ်။

အမေရိကန်၊ အီးယူနဲ့ တရုတ်တို့အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရေးမှာ အာဆီယံဟာ ဗဟိုချက်နေရာကနေ ဆက်လက် ပါဝင်နေတယ်လို့ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီက လိုက်နာဖို့ ပျက်ကွက်နေတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပဲ ရှေ့ဆက်နေမယ်ဆိုရင်တော့ ခိုင်မာ ပြတ်သားတဲ့ရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။

စစ်ကောင်စီ-ရုရှားဆက်ဆံရေး

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ရုရှားနဲ့ ဆက်ဆံရေးကို တိုးမြင့်လာခဲ့ပါတယ်။ လက်ရှိမှာ ရုရှားဟာ  စစ်ကောင်စီအတွက် လက်နက်ထောက်ပံ့မှု အများဆုံးနိုင်ငံဖြစ်ပြီး စစ်ကောင်စီကလည်း တော်လှန်ရေးအဖွဲ့တွေကို နှိမ်နှင်းနိုင်ဖို့ ရုရှားထုတ် တိုက်လေယာဉ်တွေကိုပဲ အဓိက အားပြုနေရတာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပစ်ပယ်ခံ အာဏာရှင် ခေါင်းဆောင်နှစ်ယောက်ဟာ အခုအခါမှာ စစ်လက်နက်ပစ္စည်း ရောင်းချရေးနဲ့ စစ်သင်တန်း ပေးတာတွေအပြင် တခြားနယ်ပယ်တွေမှာပါ အနီးကပ် လက်တွဲ လုပ်ဆောင်လာပါတယ်။ နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့အတွက် စစ်ကောင်စီဟာ ရုရှားထံကနေ ရေနံဝယ်ယူသွားဖို့နဲ့ ရုရှားကုမ္ပဏီတွေနဲ့ လက်တွဲပြီး လေစွမ်းအင်၊ ရေစွမ်းအင်နဲ့ နျူကလီယားစွမ်းအင် စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တွေ အပါအဝင် ရေနံတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ရုရှားနဲ့ ပူးပေါင်းလုပ်ကိုင်သွားဖို့ ကြိုးပမ်းနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံတွေကိုလည်း ရုရှားထံကနေ အကူအညီ ရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ ရုရှားနဲ့ပေါင်းပြီး နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ထွက်ပေါ်နေပေမဲ့ အခုလက်ရှိမှာတော့ ဒါဟာ ထင်ကြေးပေး ပြောဆိုချက်သက်သက်သာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်ပေမဲ့ စစ်ကောင်စီနဲ့ ရုရှားတို့ကြား ဆက်ဆံရေးကတော့ ပိုမို တိုးတက် ကောင်းမွန်လာခဲ့တာ တွေ့လာရပါတယ်။

ဘာသာပြန်-ရာစုသစ်

( Eurasiareview ဝက်ဆိုက်မှာ ဆောင်းပါးရှင်  Jan Servaes  ရေးသားထားသည့်  “Myanmar Four Years After The Coup – Analysis” သုံးသပ်ချက်ကို  ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024