Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၄ နှစ်ကာလ သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ 
DVB
·
January 27, 2025

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူ ၇ ဦးရှိတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ၂၀၁၅ ခု ဇန်နဝါရီ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲ အနည်းဆုံး အယောက် ၃၀ ကနေ အများဆုံး ၆၀ ဝန်းကျင်ထိ ထိန်းသိမ်းခံခဲ့ရကာ လက်ရှိ အကျဉ်းထောင်အသီးသီးမှာ ၄၃ ဦး ကျန်ရှိနေသေးတယ်၊ သူတို့ထဲမှာ ထောင်ဒဏ်တသက် အပါအဝင် နှစ်ရှည် ထောင်ချခံရသူ ၁၁ ဦး၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသူ ၇ ဦး ရှိတယ်၊ သူတို့တွေဟာ သတင်းမီဒီယာအလုပ်လုပ်ရင်း အသက်ဆုံးရှုံးခဲ့ရသူတွေလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

အဆိုပါစာရင်းတွေဟာ ၂၀၂၁ ခု ဖေဖော်ဝါရီကနေ ၂၀၂၅ ခု ဇန်နဝါရီ ၂၅ ရက်ထိ ကောက်ယူရရှိထားတဲ့ စာရင်းတွေဖြစ်ကြောင်း၊ စစ်ကောင်စီက အဲဒီသတင်းသမားတွေကို မတရား ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊  ပို့ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ ဆိုင်ရာဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ စတဲ့ ဥပဒေတွေနဲ့ စွဲချက်တင်ပြီး ရာဇဝတ်သားလို ဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။ 

IPCM အနေနဲ့ ဖမ်းဆီးခံထားရသူ သတင်းသမားတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းကောက်ယူနေတဲ့အပြင်  ဖမ်းဆီးခံသတင်းသမားနဲ့ ကျန်ရစ်သူမိသားစုဝင်တွေအတွက်  အရေးပေါ်အကူအညီ လက်လှမ်းမီသလောက်သာ ကူညီနိုင်တာမို့  အခြားသော အစုအဖွဲ့တွေအနေနဲ့ ဝိုင်းရံကူညီပံ့ပိုးပေးဖို့ တိုက်တွန်းကြောင်း IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက DVB ကို ပြောပါတယ်။ 

“IPCM အနေနဲ့ အရေးပေါ်ရန်ပုံတွေ စီစဉ်ထားတာတော့ ရှိတယ်၊ IPCM ကလည်း ထူထောင်တာ မကြာသေးတော့ ဘဏ္ဍာရေးပိုင်းလည်း ခိုင်ခိုင်မာမာ မရှိသေးဘူး၊  ရှိတဲ့ အတိုင်းအတာနဲ့ ကူညီ ပေးနေပါတယ်။ အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေအပြင် မိသားစုဝင်တွေပါ အခက်အခဲရှိ ကြတယ်၊ အားလုံးကို အပြည့်အဝမကူညီနိုင်သည့်တိုင်အောင် အကူအညီပေးနိုင်မယ့် အဖွဲ့အစည်း၊ တသီးပုဂ္ဂလအလှူရှင်တွေနဲ့ ချိတ်ဆက်ပေးတာ၊ နည်းလမ်းရှာပေးတာတော့ ရှိပါတယ်။”

တသက်တကျွန်းနဲ့ နှစ်ရှည် ထောင်ကျခံနေရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စားရေးသောက်ရေး ဆေးဝါးတွေ ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းကြောင်း၊ အဲဒီအကူအညီတွေဟာ အကျဉ်းကျနေသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တစုံတရာခွန်အားဖြစ်စေမယ်လို့ သူက ဆက်ပြောပါတယ်။ 

လက်ရှိ မြေပြင်မှာ သတင်းလုပ်ငန်းကို အများပြည်သူအတွက် ဝန်ဆောင်မှုပေးနေသူတွေ အနေနဲ့လည်း လက်ရှိအခြေအနေအရ တရားဥပဒေစိုးမိုးမှုမရှိတဲ့ ကိုယ့်ရဲ့နိုင်ငံတွင်းမှာ ဘာမဆို အချိန်မရွေး ဖြစ်သွားနိုင်တာကြောင့်  မိမိရဲ့ လုံခြုံရေးနဲ့ သတင်းရင်းမြစ်ရဲ့ လုံခြုံရေးကို အထူးသတိထားပြီး ဆောင်ရွက်ဖို့လည်း  IPCM ဥက္ကဋ္ဌ က သတိပေးပါတယ်။ 

IPCM အနေနဲ့ ဖမ်းဆီးခံသတင်းသမားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကောက်ယူရေး၊ ကူညီထောက်ပံ့ရေးအပြင် သတင်းသမားတွေအတွက် တရားမျှတမှုရရှိရေးတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

နန်းဖော့ဂေက“ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေရဲ့ အချက်အလက်ဒေတာတွေက နောက်ထပ် ဖြည့်ဆည်းရမှာတွေ အများကြီးရှိသေးတယ်ပေါ့နော်၊ ဆက်လက်ပြီးတော့ data base လုပ်ငန်းကို လုပ်ဆောင်သွားမယ်။ အဓိကက အချက်အလက်က ကူညီနိုင်ဖို့တင်မကဘဲ သတင်းသမားတွေကို ရာဇဝတ်သားတွေလို သဘောထားပြီး ဖမ်းဆီးထောင်ချ ညှဉ်းပန်းနှိပ်စက်နေတဲ့ အရာတွေကို တချိန်မှာ အရေးယူမှု ထိထိရောက်ရောက်ရှိအောင်၊ နိုင်ငံတကာ တရားစီရင်မှုအဆင့်အထိ ရောက်အောင် အချက်အလက်တွေ ခိုင်ခိုင်မာမာရအောင် ဆက်လက် စုဆောင်းသွားမယ်။ Advocacy အလုပ်နေတဲ့အဖွဲ့၊ မိတ်ဖက်မီဒီယာအစုအဖွဲ့တွေဆီ အချက်အလက်မျှဝေပြီး  တရားမျှတမှုတွေရရှိဖို့ လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သတင်းမီဒီယာလုပ်ငန်း ၁၅ ခုရဲ့ လိုင်စင်တွေကို ရုပ်သိမ်းပြီး သတင်းမီဒီယာဆိုင်ရာ ဥပဒေတွေကို တဖက်သတ်ပြုပြင်ပြဋ္ဌာန်းခဲ့တယ်လို့ ဆိုပါတယ်။ 

သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေဟာ သတင်းမီဒီယာနယ်ပယ်အတွက်တင်မကဘဲ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်တမျှ အရေးပါတယ်၊ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ဖို့ အဖွဲ့အစည်းအသီးသီးက အလေးထားလုပ်ဆောင်ပေးကြဖို့၊ သတင်းသမားတွေပေါ် ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ်နေတဲ့အပေါ် ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုတွေ တာဝန်ခံမှုရှိဖို့ IPCM က အလေးအနက်တောင်းဆိုကြောင့် ကြေညာချက်မှာ ဖော်ပြပါတယ်။ 

တရုတ်၊ အစ္စရေးနဲ့ မြန်မာနိုင်ငံတွေက သတင်းထောက်တွေကို စံချိန်တင် ဖမ်းဆီးထောင်ချမှု အများဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

CPJ က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်က သတင်းသမား အယောက် ၅၀၊ အစ္စရေးက ၄၃ ဦး၊ မြန်မာနိုင်ငံက ၃၅ ဦး၊ ဘယ်လာရုစ်က ၃၁ ဦး နဲ့ ရုရှားနိုင်ငံက အယောက် ၃၀  ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024