စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတဝန်းက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့မယ်လို့ပြောပေမဲ့ လက်တွေ့မှာ ရန်ကုန်မှာ ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင် Non-CDM ဌာနဆိုင်ရာဝန်ထမ်းတွေ အကူအညီမရဘဲ ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း အမ်း၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်က စစ်ရှောင်လာတဲ့ Non-CDM ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ရန်ကုန်မှာ ဒုက္ခရောက်နေပြီး ကူညီပေးမယ့်သူ ကင်းမဲ့နေတယ်လို့ ဌာနဆိုင်ရာဝန်ထမ်း တယောက်က DVB ကိုပြောပါတယ်။
“စစ်တပ်က ပြောတာ ကူညီပေးဖို့ပြောတာ မဟုတ်ဘူး။ စစ်ဘေးရှောင် ဒေတာအချက်အလက် လိုချင်လို့ စာရင်းကောက်မှာ စစ်ဘေးရှောင်ဝန်ထမ်းတွေတောင် မကူညီတာ အရပ်သားပြည်သူဆို ဝေးရော။ စစ်ရှောင်လာတဲ့ ဝန်ထမ်းတွေထဲမှာ လဝကအဖွဲ့က ဗဟန်းက ဓမ္မာရုံမှာ နေတယ်။ ကျန်တဲ့ဝန်ထမ်းတွေက ကိုယ့်အစီအစဥ်နဲ့ကိုယ် နေရတာ အတော်လေးဒုက္ခရောက်တာ။”
ဗဟန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဓမ္မာရုံကို ဇန်နဝါရီ ၂၅ ရက် လဝကဝန်ကြီးဦးမြင့်ကြိုင် ရောက်လာပြီး ရန်ကုန်မှာ ယာယီရုံးခွဲတွေ ဖွင့်လှစ်ဖို့ ပြောဆိုခဲ့တယ်လို့ လဝကဝန်ထမ်းတယောက်က ပြောပါတယ်။
“စစ်ရှောင်လာတဲ့ လဝကဝန်ထမ်းတွေကို ကူညီပေးဖို့ လာတာမဟုတ်ဘူး။ စစ်ဘေးရှောင်စာရင်း ကောက်ပေးဖို့နဲ့ ရန်ကုန်မှာ ရုံးခွဲတွေဖွင့်ဖို့ကိစ္စ ပြောတာ။”
အာရက္ခတပ်တော် (AA) က စစ်ကောင်စီလက်ထဲကနေ ရခိုင်ပြည်နယ်ရှိ မြို့ပေါင်း ၁၄ မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းတွေ ရန်ကုန်နဲ့ပဲခူးကို ရှောင်တိမ်းခဲ့ရတယ်လို့ ပညာရေးဝန်ထမ်းတဦးက DVB ကိုပြောပါတယ်။
“ရခိုင်ပြည်နယ်မြောက်ပိုင်းက ဝန်ထမ်းတွေက ပဲခူးမှာ စစ်ရှောင်နေရတယ်။ ပညာရေးဘက်က ဘာမှ မစီစဥ်ပေးဘူး။ ကျောင်းတွဲဖို့လည်း မလုပ်ပေးဘူး။ အုပ်ချုပ်ရေးဘက်ကလည်း ဝန်ထမ်းချင်း အတူတူ ရခိုင်စစ်ရှောင်တွေဆို အရမ်းနှိမ်တာ။”
စစ်ဘေးရှောင်တွေကို အမှန်တကယ် မကူညီနိုင်ဘဲ ဇန်နဝါရီ ၂၀ ရက်မှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတဝန်းက စစ်ဘေးရှောင်တွေကို ကူညီမယ်လို့ ကြေညာတာ ဝန်ထမ်း အသိုက်အဝန်းမှာ ရယ်စရာဟာသတပုဒ်လို ဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။