Home
မြန်မာသတင်း
စစ်မှုထမ်းအရေအတွက်တိုးခေါ်ရန် အကြံမပြုခဲ့ဟု ဦးကိုကိုကြီး ပြော
DVB
·
January 26, 2025

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီကို အကြံပြုခဲ့တာမရှိဘူးလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ငြင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၂၆ ရက် ဒီနေ့ ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးကိုကိုကြီးက ပြောဆိုလိုက်တာပါ။

“အခုကိစ္စဟာ ကျနော်တို့ သဘောတူညီခဲ့တဲ့ ၄၃ ချက်ထဲမှာလည်းမပါဘူး။ နောက်တခုက အလုပ်အဖွဲ့ကိုယ်စားပြုပြီးတော့ ပြောဆိုခဲ့ခြင်းလည်းမရှိပါဘူး။”

နိုင်ငံရေးပါတီတွေနဲ့ စစ်တပ်လက်အောက်ခံ  အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီတွေက စစ်မှုထမ်းအရေအတွက် တို့းမြှင့်ဖို့ အကြံပေးခဲ့ကြတယ်လို့ စစ်တပ်ဩဇာခံ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

“ကိုယ့်ပါတီအခက်အခဲနဲ့ အခြားသောဒေသဆိုင်ရာ အခက်အခဲတွေကိုပြောဖို့အတွက် အစီစဉ်တခု ထည့်ပေးတာပါ။ အဲဒီမှာကျတော့ ပါတီအားလုံးရဲ့ဆွေးနွေးချက်။ သဘောတူညီချက်မဟုတ်ဘဲနဲ့ ကိုယ့်တပါတီချင်းအလိုက် သူတို့ သဘောထားဆန္ဒကို သူတို့ပြောကြတာရှိပါတယ်” လို့လည်း ဦးကိုကိုကြီးက NSPNC နဲ့ ဆွေးနွေးခဲ့စဉ်အကြောင်းကို ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် သတင်းစဉ်ကတော့ ဆွေးနွေးပွဲဒုတိယနေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေး အကြံပြုချက်အပါအဝင် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ၊ နိုင်ငံအေးချမ်းအောင်လုပ်သင့်တဲ့ အစီအမံတွေ၊ PDF တွေ အလင်းဝင်တာများဖို့အတွက် နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့က အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ အပြီးသတ်ရတဲ့ အတည်ပြုချက်တွေကို သဘောတူလက်မှတ်ထိုးပြီး  ဆက်ပြီးဆွေးနွေးဖို့ လိုအပ်တဲ့ နှစ်ဖက်အဆိုပြုချက်တွေ၊ ညှိနှိုင်းရရှိတဲ့သဘောထားတွေကို သဘောထား စုစည်းချက်အဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ စစ်ကောင်စီဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့မှာတော့ ခေါင်းဆောင်ဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခဲ့သူ ဒေါက်တာအေးမောင် အပါအဝင် စစ်ကောင်စီလက်ထက်မှာ တည်ထောင်ထားတဲ့ ပါတီခေါင်းဆောင်တချို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်ဝင်စေပြီးနောက် အခုအချိန်အထိ သင်တန်း ၉ ကြိမ်ပေးခဲ့ပြီဖြစ်ပြီး နည်းဥပဒေကိုတော့ အခု ဇန်နဝါရီ  စစ်ကောင်စီက အခုဇန်နဝါရီ တတိယပတ်မှာမှ ထုတ်ပြန်လာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024