ကရင်နီပြည်ရဲ့မြို့တော် လွိုင်ကော်မြို့မှာ တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပြီး ကျောင်းဖွင့်တာက ဟန်ပြလောက်ပဲ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။
ခုလက်ရှိ လွိုင်ကော်မြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတချို့ရှိနေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးဘူးလို့လည်း သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဗညားခွန်အောင်က “ကျနော့်အမြင်ကတော့ စစ်ကောင်စီက ဖြစ်သလို ဟန်ပြကတော့ ဖွင့်နိုင်အောင် ကြိုးစားလိမ့်မယ်လို့ သုံးသပ်မိတယ်။ လွိုင်ကော်တက္ကသိုလ်က ကျောင်းသူ ကျောင်းသားအများစုက ရှင်းရှင်းပြောရရင် ကျနော်တို့ပြည်နယ်ထဲက လူတွေပဲ။ သူတို့က ကျောင်းသား CDM လုပ်ထားတာလည်းများတယ်။ အဲဒီလူတွေကလည်း လူထုတော်လှန်ရေးထဲမှာ ပါဝင်တဲ့လူငယ်တွေ အားလုံးနီးပါးဖြစ်တာပေါ့” လို့ ပြောပါတယ်။
ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားတာတွေရှိနေပေမယ့် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကနေ စစ်ဘေးရှောင်နေကြသူတွေကို နေရပ်ပြန်နေထိုင်ဖို့အတွက် ဖိအားပေးခိုင်းစေတာတွေ ရှိနေတဲ့အပြင် ပြန်မလာသူတွေကို နေအိမ်ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်တာလည်းရှိတယ်လို့ သိရပါတယ်။
တက္ကသိုလ်က အထူးပြုဘာသာရပ်တွေကို သင်ကြားပေးမယ့် ပြည်နယ်ထဲက ဆရာ၊ ဆရာမတွေဟာလည်း တိမ်းရှောင်နေကြရတာကြောင့် ပြည်နယ်ပြင်ပက ဆရာ၊ ဆရာမတွေနဲ့ပဲ သင်ကြားပေးဖို့ စီစဉ်နေတာလို့ သိရပါတယ်။
၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေက လွိုင်ကော်ကတက္ကသိုလ်တွေထဲ တပ်စွဲနေထိုင်တာကြောင့် တော်လှန်ရေးအင်အားစုက တိုက်ထုတ်ခဲ့ပြီး ဆရာ၊ ဆရာမ အယောက် ၁၀၀ ကျော်ကိုလည်း ကယ်ထုတ်ပြီး ခံဝန်ကတိနဲ့ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
၁၁၁၁ စစ်ဆင်ရေးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် လူနေအိမ်နဲ့ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ခုလက်ရှိအထိ ပြည်သူတွေ အပြည့်အဝ ပြန်လည်နေထိုင်တာမျိုး မရှိသေးဘူးလို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။