Home
မြန်မာသတင်း
ကျားဖြန့်ရာဇဝတ်မှု အဓိကတရားခံ စစ်ကောင်စီဖြစ်ဟု KNU ပြော
DVB
·
January 23, 2025

မြန်မာနိုင်ငံမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု‌ ကြားဖြန့်လုပ်ငန်းတွေ ပိုများလာရခြင်းရဲ့ အဓိကတရားခံဟာ စစ်ကောင်စီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ သူတို့ရဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ပြည်သူ့စစ်တွေနဲ့ တခြားမဟာမိတ်အဖွဲ့တွေဟာ ကျားဖြန့်လို့ခေါ်တဲ့ တရားမဝင် အွန်လိုင်းငွေလိမ် ရာဇဝတ်လုပ်ငန်းတွေမှာ လုံခြုံရေးပေးတာနဲ့ အထောက်အကူပြုပေးတာတွေမှာ ပါဝင်ပတ်သတ်နေတာ ဖြစ်ပါတယ်။

နိုင်ငံဖြတ်ကျော် မှုခင်းတွေကို ထိရောက်စွာ တိုက်ဖျက်ဖို့အတွက်  KNU နဲ့ အတူ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းတွေကို တည်ထောင်သွားဖို့ တောင်းဆိုထားပါတယ်။

မြန်မာပြည်တွင်း နယ်စပ်ဒေသတွေက ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာ ပြည်သူလူထုသာမက၊ အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေကို  ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်စေပြီး၊ ခရီးသွားလုပ်ငန်း၊ နယ်စပ်လုံခြုံရေးစတဲ့ ကိစ္စရပ်တွေကိုလည်း ထိခိုက်လာနိုင်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ စစ်ကောင်စီကို ဖိအားပေးအရေးယူဖို့ကိုလည်း  KNU က တိုက်တွန်းထားပါတယ်။

ပဒိုစောတောနီးက “ဒေသဆိုင်ရာ လုံခြုံရေးအရ‌ရော စီးပွား‌ရေးအရ‌ရော ကြောက်စရာ ကောင်းလောက်အောင် ခြိမ်းခြောက်မှုဖြစ်နေတဲ့ အရာတွေကိုလည်းတိုက်ဖျက်ချင်တယ်။ ကျနော်တို့ လုပ်မယ့်အလုပ်ဆိုတာ ရည်ရှည်တည်တံ့ခိုင်မြဲဖို့ ကျနော်တို့ အာမခံတယ်။ စစ်ကောင်စီကြောင့် ပျက်ယွင်းသွားတဲ့ အုပ်ချုပ်ရေးစနစ်အားလုံး တည်တည်ငြိမ်ငြိမ် ပြန်လည် အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့နဲ့ လက်တွဲပါ ကျနော်တို့ကို အထောက်အကူပြုပါ။ နောက်ဆုံးအဆင့်ဗျာ ဒီဒေသမှာရှိတဲ့ state holder အားလုံးနဲ့လက်တွဲပြီး ဒီလုပ်ငန်းကို တိုက်ဖျက်သွားမယ်ဆိုရင်‌တော့ မပျောက်ကင်းနိုင်စရာ အကြောင်းကိုမရှိဘူး”လို့ ပြောပါတယ်။

မြန်မာနယ်စပ်မှာ ကြီးထွားလာတဲ့ အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ရာဇဝတ်လုပ်ငန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်လုံခြုံရေးနဲ့ ဒေသတည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာဖြစ်ပါတယ်။

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်းမှာ မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ စတဲ့မြို့တွေမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

BGF  ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ကျ‌နော်တို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မကိုက်ညီဘူး ငြိစွန်းတဲ့အရာတွေ အခုလက်ရှိအနေအထားတွေအပေါ် ဘယ်နေရာမှာ မှားယွင်းနေလဲ။ လူမှောင်ခိုတားဆီး တိုက်ဖျက်ရေးအတွက်ကို ပထမခြေလှမ်းအနေနဲ့ ဒေသအာဏာပိုင်တွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူး‌ပေါင်းပြီးတော့ စိစစ်ဖော်ထုတ်ပြီးတော့မှ အရေးယူမှုတွေ လုပ်ဖို့ စတင်ခြေလှမ်းလှမ်းနေပါပြီ။ မကြာခင်မှာလည်း မြို့ထဲသော်လည်းကောင်း အများပြည်သူထင်သာမြင်သာရှိတဲ့ နေရာတွေမှာ လက်ရှိ အွန်လိုင်းနဲ့ ပတ်သက်ပြီးတော့မှ လိမ်လည်မှုတွေ မခံရအောင် အဓမ္မအလုပ်စေခိုင်းတာတွေ မခံရအောင် ဆိုင်းဘုတ်တွေလိုက်ကပ်မှာပေါ့၊ တခုခုဖြစ်ပေါ်လာတာရှိရင်လည်း သက်ဆိုင်ရာ ရုံးတာဝန်ခံတွေနဲ့ ဖုန်းနံပတ်တွေလည်းကပ်ထားပေးပါမယ်၊ အချိန်မီ ကျနော်တို့ကို ဆက်သွယ်ပေးပါ”လို့ ပြောပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုမြောက်တဲ့ တရားမဝင်လောင်းကစား ကျားဖြန့်လုပ်ငန်းတွေ ကရင်ပြည်နယ်မှာ ပေါ်ပေါက်လာရတာဟာ ဒေသခံပြည်သူလူထုအတွက် စိုးရိမ်စရာတွေ ဖြစ်လာပြီး ဒေသရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်စေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ စောနန္ဒာဆူးက “လတ်တလောဖြစ်‌ပေါ်နေတဲ့ လူကုန်ကူးမှု၊ နိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်မှာဆိုရင် အင်မတန်မှ စိုးရိမ်စရာ အခြေအနေတခုကို ဖြစ်စေတယ်ပေါ့နော်။ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက စစ်ဘေး စစ်ဒဏ်သင့်နေခဲ့ပြီးသားဖြစ်တယ်။ ရှိနှင့်နေပြီးသား ဆိုးရွားတဲ့အခြေအနေအောက်မှာမှ တရားမဝင်လောင်းကစားလုပ်ငန်းတွေ ရာဇဝတ်မှူမြောက်တဲ့ ကရင်ပြည်နယ်အတွင်းမှာ တည်ရှိမှုဟာ မသင့်တော်တဲ့ အခြေအနေတရပ်ရှိစေတာပေါ့နော်”လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခံရတဲ့ တရုတ်၊ ထိုင်းနိုင်ငံသားတွေ အပါအဝင် လူပေါင်း ၅၅၇၀၀ ‌ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်သွားဖို့ ဇန်နဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ၅ ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းဝေးမှာ သဘောတူခဲ့တယ်လို့  Bangkok Post သတင်းကဖော်ပြပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လူအများကို အကာအကွယ်ပေးနိုင်ဖို့နဲ့ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဖို့ NUG အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေနဲ့ လက်တွဲ တိုက်ဖျက်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013