ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်တွင်းမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲချနေတယ်လို့ ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့မနက်ပိုင်းက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်စပ် ၁၈ မိုင်မှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စက်တပ်လေထီးတွေနဲ့ ဗုံးသွားကြဲခဲ့တယ်လို့ ဆိုပါတယ်။
ခလရ ၃၆ နဲ့ နီးစပ်သူတယောက်က “မနက်က စက်တပ်လေထီး ၂ စီးသွားတယ်။ ကျုံပျော်မြို့ရဲ့ အနောက်ဘက်ကို ဗုံးသွားကြဲတယ်လို့ ကြားတယ်။ အတော်လေးကြာတယ်။ နေ့ခင်း ၁၂ နာရီ ၄၀ မိနစ်လောက်မှ တပ်ထဲပြန်ဝင်လာတယ်။ ခုက လေ့ကျင့်ပျံသန်းတာ မဟုတ်တော့ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာကို ဗုံးသွားကြဲတာ” လို့ DVB ကိုပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ဆင်ရေးတွေမှာ လေယာဉ်နဲ့ ဗုံးကြဲရုံမဟုတ်တော့ဘဲ စက်တပ်လေထီးတွေကို ပိုမိုအသုံးပြုလာပြီး ဧရာဝတီနဲ့ရခိုင်အစပ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာလည်း စက်တပ်လေထီးတွေနဲ့ ကင်းထောက်တာ၊ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒါ့အပြင် ဒီရက်ထဲမှာ ရခိုင်နဲ့ဧရာဝတီအစပ် ရှေ့တန်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဆီကို ရိက္ခာပို့ဖို့ရှိနေပြီး ခလရ ၃၆ တပ်ထဲမှာ အုတ်သဲကျောက်တင်တဲ့ ကားအကြီးတွေရောက်ရှိနေတယ်လို့ ခလရ ၃၆ တပ်နဲ့ နီးစပ်သူက ပြောပါတယ်။