
အင်္ဂလန်နိုင်ငံရှိ ဂျူးလူမျိုးအသိုက်အဝန်းကို အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ရဲ့ အယူဝါဒကို အခြေခံပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြံစည်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို ပရက်စတန် ခရောင်းန် တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်မှာ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ဝါလစ်ဆာဒါဝီနဲ့ အသက် ၅၂ နှစ်အရွယ် အာမာဟူစိန် တို့ရဲ့အစီအစဉ်ဟာ ဒီဇင်ဘာလတုန်းက ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ဘွန်ဒိုင်းကမ်းခြေ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုထက် အသေအပျောက်ပိုများနိုင်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
သူတို့ ၂ ယောက်ဟာ အော်တိုမက်တစ်သေနတ်တွေကို အသုံးပြုကာ ဂျူးလူမျိုးတွေကို တတ်နိုင်သမျှ အများဆုံး သတ်ဖြတ်ချင်နေတဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေ ဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။
သူတို့ ၂ ယောက်ကို ဖမ်းဆီးချိန်အတွင်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှု မှတ်တမ်းတွေအရ အာမာဟူစိန်က သူဟာ ISIS အဖွဲ့ကို ထောက်ခံသူဖြစ်ကြောင်းနဲ့ သူတို့တွေဟာ တခြားမွတ်စလင်တွေနဲ့ကွာခြားပြီး သူတို့ကသာ ရှာရီယာဥပဒေကို ကျင့်သုံးတဲ့ မွတ်စလင် အစစ်အမှန်တွေဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
တခြားတယောက်ဖြစ်တဲ့ ဝါလစ်ဆာဒါဝီကတော့ သူ့အနေနဲ့ လူသတ်ဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆိုခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ဆာဒါဝီဟာ “ဘီလားလ်” အမည်ရှိ ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်အေးဂျင့် တယောက်နဲ့ ဆက်သွယ်ပြီး လက်နက်တွေရယူဖို့နဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ကြံစည်ခဲ့တဲ့ အထောက်အထား အပြည့်အစုံ ရှိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တရားသူကြီး မာ့ခ်ဝေါလ်က ဆာဒါဝီကို အနည်းဆုံးထောင်ဒဏ် ၃၇ နှစ်နဲ့ ဟူစိန်ကို အနည်းဆုံး ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ပြီး သူတို့တွေဟာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အတော်ကို နီးစပ်တဲ့အနေအထား ရောက်နေကြပြီလို့ ပြောပါတယ်။
အခု စီရင်ချက်ဟာ မန်ချက်စတာမြို့အနီး အနောက်မြောက်ပိုင်းရှိ ဂျူးဘုရားကျောင်းတခုမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တပတ်အကြာမှာပဲ ထွက်ပေါ်လာတာဖြစ်လို့ ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။
Source: Reuters


