
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းက လင်မယားချင်း စကားများ ရန်ဖြစ်ပြီး ယောကျ်ားဖြစ်သူက မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့မနက် ၃ နာရီက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်း စကားများရန်ဖြစ်ပြီး ဘုရားခန်းမှာ အိပ်နေတဲ့ မိန်းမဖြစ်သူကို ယောကျ်ားက ထင်းခွဲဓားမနဲ့ ခေါင်းဖြတ်သတ်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ညပိုင်းမှာ လင်မယားချင်း စကားများတယ်၊ မနက် ၃ နာရီလောက်ကျတော့ အိမ်ရှေ့ဘုရားခန်းမှာ အိပ်နေတဲ့ မိန်းမကို ယောကျ်ားက ထင်းခွဲတဲ့ဓားမနဲ့ ခုတ်တာ ခေါင်းပြတ်သွားတယ်။ အမေဖြစ်သူ သေနေတာမြင်တော့ ကလေးက ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းမှ ရွာထဲကလူတွေသိတာ။”
သေဆုံးသူမှာ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာနေ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်ပူစူးမ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို အခုချိန်ထိ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီရမိခြင်း မရှိသေးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ခုတ်သွားတာ သူ့ယောကျ်ား ဝင်းဇော်ဦး၊ သတင်းပြန့်မှာစိုးလို့ ရဲတွေက ဖုံးထားတာ။ အခုချိန်ထိ ပြစ်မှုကျူးလွန်သူကို မမိသေးဘူး။ အသက် ၁၂ နှစ်သား ယောကျ်ားလေးတယောက်ကျန်ခဲ့တယ်။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ဦးဝင်းဇော်ဦးကို ဥတ္တသီရိမြို့နယ်ရဲစခန်းက (ပ) အမှတ် ၇၁/ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ မြောက်ပိုင်းမှာ လင်မယားချင်း စကားများရန်ဖြစ်ပြီး ယောကျ်ားက မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။


