
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ ထက်မနည်းသာ လိုတော့တဲ့အချိန်မှာ ပူးတွဲ အိမ်ရှင်မက္ကဆီကိုနိုင်ငံက ပရိသတ်တွေရဲ့လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ သိန်းနီးပါး ချထားမယ်လို့ ကြေညာလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံအတွင်း မူးယစ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေ ရှိနေပေမဲ့ ပြိုင်ပွဲကို ဘေးကင်းအောင် ကျင်းပနိုင်ဖို့ 'Plan Kukulkan' လို့ အမည်ပေးထားတဲ့ လုံခြုံရေးစီမံချက်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချို အသတ်ခံရပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ ဂွါဒါလာဟာရာမြို့ အပါအဝင် မက္ကဆီကိုစီးတီးနဲ့ မွန်တာရေးမြို့တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉၉,၀၀၀ ကျော်က လုံခြုံရေး ရယူပေးသွားမှာပါ။
မက္ကဆီကိုသမ္မတနဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုတို့ကတော့ ဒီအခြေအနေတွေဟာ ကမ္ဘာ့ဖလားအပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မှာဖြစ်ကြောင်း အာမခံထားပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲကိုတော့ မက္ကဆီကိုစီးတီးမှာ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ကစားသွားကြမှာ ဖြစ်ပါတယ်။


