
မက္ကဆီကိုနိုင်ငံရဲ့ ပင်လယ်ကွေ့ ကမ်းရိုးတန်းဖြစ်တဲ့ ဗေရာခရုဇ်ပြည်နယ်က ကမ်းခြေတလျှောက် ရေနံစိမ်းတွေ ယိုဖိတ်မှုကြောင့် ရက်အတော်ကြာ လုပ်ငန်းတွေ ရပ်ဆိုင်းနေရတာကြောင့် မတ် ၅ ရက်မှာ အာဏာပိုင်တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး ကမ်းခြေက ရေနံအညစ်အကြေးတွေကို ရှင်းလင်းနေကြပါတယ်။
လက်ရှိမှာတော့ လာ့စ်ဘာရီးလာစ်နဲ့ ဟိကာကာ့လ် အပါအဝင် ကမ်းရိုးတန်းတလျှောက် ထိခိုက်နေပြီး၊ ဒေသတွင်း ငါးဖမ်းလုပ်ငန်း အတွက် အဓိကကျတဲ့ ကမ်းခြေအိုင်ထဲအထိပါ ရေနံညစ်ညမ်းမှုတွေ ရောက်ရှိနေပြီလို့ ဆိုပါတယ်။
ကြာသပတေးနေ့မှာ ဒေသခံတွေနဲ့ မက္ကဆီကို ရေနံကုမ္ပဏီ Pemex ဝန်ထမ်းတွေက ကမ်းခြေပေါ်က ရေနံစိမ်း အနှစ်တွေကို ဖယ်ရှားဖို့ အတူတကွ လုပ်ဆောင်နေကြပါတယ်။
တချိန်တည်းမှာပဲ ငါးဖမ်းသမားတွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို ဆက်လက် လုပ်ကိုင်နိုင်ဖို့အတွက် ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။
နိုင်ငံပိုင်ရေနံကုမ္ပဏီ Pemex ကတော့ သူတို့ရဲ့ စက်ရုံတွေကို စစ်ဆေးပြီးထားကြောင်းနဲ့ ဘာယိုစိမ့်မှုမှမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ငြင်းဆိုထားပါတယ်။
ရေနံစိမ်းယိုဖိတ်မှုကြောင့် ထိခိုက်ရတဲ့ မြို့တမြို့ဖြစ်တဲ့ ကိုအာတ်ဆာ-ကိုအားလ်ကိုစ် မြို့အုပ်ချုပ်ရေးအဖွဲ့ကတော့ ကြာသပတေးနေ့မှာ ဒေသအာဏာပိုင်တွေ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး မက္ကဆီကိုပင်လယ်ကမ်းရိုးတန်းတလျှောက် သန့်ရှင်းရေးနဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ပိုမိုအားဖြည့်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters


