
ပဲခူးတိုင်းအတွင်းရှိ ဘုရားစေတီ နဲ့ နဂါးရုံ ဘုရားတွေမှာ နဂါးမပူးရဆိုပြီး စစ်ကောင်စီ လက်အောက်ခံ တိုင်းအစိုးရက အမိန့်ထုတ်ထားပြီး ကဝမြို့နယ်ရှိ နဂါးရုံဘုရားမှာ နဂါးပူးသူအမျိုးသမီး ၃ ယောက်လည်း ခံဝန်ထိုးထားရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
“နဂါးဘုရားဖွင့်ပွဲလုပ်တဲ့နေ့က နဂါးသိုက်ကလာတယ်ဆိုပြီး အမျိုးသမီး ၃ ယောက်က ဘုရားပေါ်မှာ နဂါးပူးတယ်၊ နဂါးစကားတွေပါပြောလို့ သာသနာညှိုနွမ်းလို့ တိုင်းအစိုးရက အမိန့်ထုတ်လိုက်တာ။"
တဲစုဘုန်းကြီးကျောင်း နဂါးရုံဘုရားရင်ပြင်ပေါ်မှာ အမျိုးသမီး ၃ ယောက် နဂါးပူးတဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့သွားပြီးနောက် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတ၊ ဦးဆောင်လမ်းညွှန်သူ ဦးစန်းနိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းအေးနဲ့ နဂါးပူးသူ အမျိုးသမီး ၃ ယောက်ကို မြို့နယ်သံဃနာယက အဖွဲ့က ခံဝန်ခေါ်ထိုးခိုင်းခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“လူမှုကွန်ရက်မှာ ပျံ့နှံ့တယ်ဆိုတာထက် ကျေးရွာကတိုင်တာ။ ခွင့်ပြုတဲ့ ဘုန်းကြီးရော၊ အုပ်ချုပ်ရေးမှူးရော သာသနာရေးက ခေါ်စစ်တယ်။ အမျိုးသမီး ၃ ယောက်ကိုလည်း မြို့နယ်သံဃနာယကအဖွဲ့က ခံဝန်ထိုးခိုင်းတယ်။ အဲ့နောက်ပိုင်း နဂါးရုံဘုရားမှာ နဂါးမပူးရ နတ်မဝင်ရဆိုပြီး စာကပ်ထားတယ်။”
အဆိုပါဖြစ်စဥ် ဖြစ်ပြီးနောက် တိုင်းအစိုးရအဖွဲ့နဲ့ သာသနာရေးဦးစီးဌာန တိုင်းသံဃနာယကအဖွဲ့တွေ ပူးပေါင်းကာ အစည်းအဝေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်က ပဲခူးတိုင်း ၂၈ မြို့နယ်အတွင်းရှိ ဘုရားစေတီနဲ့ရင်ပြင်တွေမှာ အမျိုးသမီးတွေ နတ်ဝင် နဂါးပူးတာတွေ မပြုလုပ်ဖို့ စာထုတ်ခဲ့တာလို့ သိရပါတယ်။
Photo - မြို့နယ်သံဃနာယက


