
ပဲခူးတိုင်း၊ တောကျွဲအင်းမြို့နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အဝေးပြေး ရထားခရီးစဥ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ နေပြည်တော်ရှိ မြန်မာ့မီးရထားရုံး အရင်းမြစ်တွေဆီက သိရပါတယ်။
မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်) အရင်းအမြစ်က “နယ်မြေ အခြေအနေ အပေါ်မူတည်ပြီး ခရီးစဥ်တွေ ရပ်ထားရတာ။ လက်နက်ကြီး ထိမှန်လို့ သံလမ်းတချို့ ပျက်စီးတာ ရှိတယ်လို့ သိရတယ်။ လုံခြုံရေး အခြေအနေအရ မြေပြင် စစ်ဆေးကြည့်လို့ မရသေးဘူး” လို့ ပြောပါတယ်။
အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၉ ရက် မွန်းတည့် ၁၂ နာရီ ထွက်မဲ့ နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်ကို ဖျက်သိမ််လိုက်ကြောင်း နေပြည်တော်ဘူတာကြီးမှာ အသိပေး ကြေညာထားသလို ကြိုတင် လက်မှတ် ဝယ်ယူထားသူတွေကို လက်မှတ်ခ ပြန်လည်ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။
အလားတူ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်- မန္တလေး ရထားခရီးစဉ်တွေပါ ရပ်နားထားပြီး ပြန်ပြေးဆွဲ နိုင်မဲ့အချိန် ခန့်မှန်းမရသေးဘူးလို့ ရထားရုံးချုပ် အရင်းအမြစ်က ပြောပါတယ်။
တောကျွဲအင်းမြို့က စစ်တပ်စခန်း၊ ရဲစခန်းတွေကို PDF တွေက ဇန်နဝါရီ၈ရက် ညကတည်းက စီးနင်းပစ်ခတ်ကာ မြို့ရဲ့နေရာအချို့ကို ပါထိန်းချုပ်ထားပြီး တိုက်ပွဲ ပြင်းထန်နေခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ စစ်သားအများ အပြားထိခိုက်၊ သေဆုံးတာတွေရှိနေသလို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲမူတွေလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကားတွေ တန်းစီပိတ်မိနေပြီး ရထားနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေ ရှေ့ဆက်မရဘဲ ရပ်နား စောင့်ဆိုင်းနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။


