Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး ရထားခရီးစဉ်အတွက် ဖုန်းဆက် ဘွတ်ကင်ယူပြီး Viber ဖြင့် ဆက်သွယ်ငွေချေနိုင်
DVB
·
November 2, 2025
Photo-Ethan Htun

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်း ရထားခရီးစဉ်အတွက် ဖုန်းဆက် ဘွတ်ကင်ယူပြီး Viber ကနေ ဆက်သွယ်ငွေချေနိုင်ပြီလို့ မြန်မာ့မီးရထားက ကြေညာပါတယ်။

အမှတ် ၇ အဆန်/၈ အစုန်၊ အမှတ် ၃၁ အဆန်/၃၂ အစုန် DEMU ရထား၊ အမှတ် ၂၇ အဆန်/၂၈ အစုန် RBE ရထားတွေနဲ့ ခရီးသွားမယ်ဆိုရင် ရန်ကုန်နဲ့ မန္တလေးဘူတာကြီးအပါအဝင် လမ်းပိုင်းဘူတာ ၁၂ ခုရဲ့ ဖုန်းနံပါတ်တွေကို ခရီးသွားမယ့်ရက်မတိုင်ခင် ၅ ရက်အလိုကစပြီး ဆက်သွယ် ဘွတ်ကင်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဖုန်းအဆက်အသွယ်ရပြီဆိုရင် မီးရထားဝန်ထမ်းက ခရီးသွားမယ့်သူရဲ့ နာမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ရထားစီးနင်းလိုက်ပါလိုတဲ့ နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နဲ့ တွဲအတန်းအစားတို့ကို မှတ်ထားမယ်လို့ ဆိုပါတယ်။

အဲဒီနောက် ခရီးသွားမယ့်ရက်မတိုင်ခင် ၃ ရက်အလိုမှာ အဲဒီဖုန်းနံပါတ်ကို ထပ်ဆက်ပြီး ခရီးစဉ်အတွက် ထိုင်ခုံနေရာရှိတယ်ဆိုရင် ခရီးသွားမယ်သူဆီကို Viber ကတဆင့် လက်မှတ်ကျသင့်ငွေပမာဏနဲ့ MMQR Code ကို ပေးပို့မယ်လို့ ဆိုပါတယ်။

ဘယ်အွန်လိုင်းငွေချေအမျိုးအစားနဲ့မဆို MMQR နဲ့ ငွေပေးချေနိုင်ပြီး မီးရထားဝန်ထမ်းနဲ့ ဆက်သွယ်ပြီးနောက် ၁ နာရီအတွင်း ငွေပေးသွင်းပြီးကြောင်း အထောက်အထား Screenshot ကို ဖုန်းလက်ခံတဲ့ မီးရထားဝန်ထမ်းရဲ့ သက်ဆိုင်ရာ Viber အမှတ်ကို ပြန်လည်ပေးပို့ရမှာဖြစ်ပြီး မီးရထားဝန်ထမ်းက ငွေပေးသွင်းပြီးကြောင်း အထောက်အထားရရင် ခရီးသွားမယ့်သူဆီကို တွဲနဲ့ ထိုင်ခုံနံပါတ်တို့ ပြန်လည်ပေးပို့မယ်လို့ ဖော်ပြထားပါတယ်။

ခရီးသွားမယ့်သူဟာ သက်ဆိုင်ရာရထားစီးနင်းမယ့်ဘူတာကို ရထားမထွက်ခွာခင် ၁ နာရီအလို ကြိုတင်လာရောက်ပြီး ဘူတာလက်မှတ်ရုံမှာ ငွေပေးသွင်းပြီးကြောင်း အထောက်အထားပြသလို့ ရထားလက်မှတ် ထုတ်ယူရမယ်လို့ ဆိုပါတယ်။

ရထားနဲ့ ခရီးသွားခဲ့သူတယောက်က “ရန်ကုန်ဘူတာကြီးမှာ ကြိုတင်လက်မှတ်သွားဝယ်ရင် အမြဲကုန်နေတယ် ဆိုတာချည်းပဲ။ ငွေပိုပေးရင်တော့ ရတယ်။ ရထားတွေ ကောင်းလာတာမှန်ပေမဲ့ စနစ်ကမှ ကောင်းမလာသေးတာ။ ခုလုပ်တာကတော့ ဖုန်းဆက်‌ အွန်လိုင်းက ငွေချေလို့ရတယ် ဆိုတာ အဆင်ပြေနိုင်မယ်ဆိုပေမဲ့ ဘယ်လိုလာမယ် မသိသေးဘူး။ ကားလိုင်းတွေတောင် အဲဒီလိုလုပ်နေတာ ကြာပြီ” လို့ ပြောပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ရောင်းချ ငွေချေလို့ရတဲ့ စနစ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုတင်ပြင်ဆင်နေပြီဖြစ်ပြီး မကြာခင် အဲဒီစနစ်ကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း ပြေးဆွဲနေတဲ့ လူစီးရထားတွေအတွက် ရှေ့ပြေးစမ်းသပ် အစီအစဉ်အဖြစ် စီစဉ်မယ်လို့လည်း အသိပေးထားပါတယ်။

ပြီးတော့ ခရီးသွားတွေအနေနဲ့ လက်မှတ်ခ အပိုကြေးပေးရတာ၊ လက်မှတ်မှောင်ခို ဝယ်ယူရတာတွေ ကြုံတွေ့ရရင်လည်း တိုင်ကြားနိုင်ဖို့အတွက် မန်နေဂျာတွေရဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024