ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ တံတားတစင်းဟာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက ရေတိုက်စားခံရပြီး တံတားသံဘောင်ထောက်တိုင် ပြုတ်ထွက်သွားတာကြောင့် ရထားခရီးစဥ် ပြေးဆွဲမှုတွေ ယာယီရပ်နားထားရကြောင်း မြန်မာ့မီးရထားက အသိပေး ကြေညာပါတယ်။
ပျော်ဘွယ်မြို့ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားသံလမ်း မိုင်တိုင်အမှတ် ၂၈၅ အနီး၊ အမှတ် ၁ သံလမ်းပေါ်က သံဘောင်တံတား ထောက်တိုင်တွေ ပြုတ်ထွက်သွားပြီးနောက် ရထားပြေးဆွဲမှုကို ယာယီရပ်နားထားတယ်လို့ မြန်မာ့မီးရထား(ရန်ကုန်) နဲ့ နီးစပ်သူက ပြောပါတယ်။
“မနေ့က မိုးများပြီး ရေတိုက်စားလို့ သံဘောင်တွေ ပြုတ်ထွက်တာ ဟုတ်ပါတယ်။ လောလောဆယ်တော့ ရထားလိုင်းအားလုံး ယာယီရပ်နားထားတယ်။ ပြန်လည်ပြေးဆွဲမယ့်နေ့ကိုလည်း တရားဝင် ပြန်ပြီး ကြေညာပေးမှာပါ။ ကြိုတင်လက်မှတ် ဝယ်ထားတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်အောင်လို့ ဆွေးနွေးနေပါတယ်။”
ဒါ့အပြင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာပြီး ကျည်တောင်ကျေးရွာနဲ့ သာယာဝှမ်းကျေးရွာ ရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဇေယျာသီရိမြို့နယ်၊ ကျည်ရွာဒေသခံတယောက်က “ပေါင်းလောင်းဆည်က ရေပိုလွှဲကလည်း အရင်ကထက်ပိုပြီး ရေကျဆင်းနေတယ်။ လက်ရှိအခြေအနေအရ ရေက မြင့်တက်လာဖို့ပဲ ရှိတော့တယ်။ မနေ့က ညနေပိုင်းထိ တံတားပေါ် ရေက ၃ ပေလောက် မြင့်တက်ပြီး ရေစီးလည်း တအားသန်နေတယ်” လို့ ပြောပါတယ်။
အလားတူ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအပြင် တပ်ကုန်း၊ ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေက ကျေးရွာတွေမှာလည်း မနေ့ စက်တင်ဘာ ၁၁ ရက်က ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ ပြည်သူသောင်းနဲ့ချီ ပိတ်မိနေပြီး သေဆုံးသူတချို့လည်း ရှိလာတယ်လို့ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေထံက သိရပါတယ်။