ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၄၅ မိုင် ၂ ဖာလုံမှာ တံတား ၁ စင်း မြေပြိုကျမှု ဖြစ်နေတာကြောင့် အဲ့ဒီလမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်တွေ ဂရုစိုက်မောင်းနှင်ကျဖို့ အဝေးပြေးယာဉ်မောင်းတွေက သတိပေးထားပါတယ်။
အောက်တိုဘာ ၈ ရက်နေ့မှာ မိုးရွာသွန်းပြီး ရေကြီးမှုကြောင့် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၅/၂ နဲ့ ၄၅/၃ ကြားရှိ ကြက်ချောင်းတံတား ရန်ကုန်ဘက်ခြမ်း မြေပြိုကျကာ လမ်းမကြီးလည်း ပျက်စီးခဲ့တယ်လို့ ရန်ကုန်-ပြင်ဦးလွင် ခရီးသည်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။
"နေ့လယ်ပိုင်းလောက်က တံတား တဖက်ခြမ်းက မြေပြိုကျတာ။ လမ်းနယ်ိနမိတ် ၁၀ ပေ လောက်ပါသွားတယ်။ တံတားလမ်းပိုင်းတွေဆို လမ်းကကျဉ်းပါတယ်ဆိုမှ အခုလိုပြိုကျတော့ ပိုဆိုးတာပေါ့။ ခရီးသွား ပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာစေချင်ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း အရှည် ၂၅ ပေရှိ ကြက်ချောင်းတံတားဘေးရှိ ယာဉ်သွားလမ်းမဟုတ်တဲ့ ကွန်ကရစ်လမ်း ၁၀ ပေလောက် မြေကျွံကျမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြေပြိုကျမှုဖြစ်ပွားခဲ့သော တံတားကို ပြန်လည်ပြုပြင်ခြင်းမရှိသေးဘဲ လမ်းလက်ယာဘက်ကို ပိတ်ပြီး ဘောနတ်ကြီး အမြန်လမ်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေက ယာဉ်အန္တရာယ်ကင်းရှင်းရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
မိုးများပြီး ရေကြီးတာကြောင့် အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၉)၊ တိုက်ကြီးမြို့နယ် ချင်းကုန်း တံတား၊ ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းရှိ အုမ္မတီးနဲ့ ကျောက်ကြမ်းကြားရှိ လမ်းပိုင်းတွေမှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားတာကြောင့် ခရီးသွားပြည်သူတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။
Photo Cj