Home
မြန်မာသတင်း
မော်လမြိုင်-ရန်ကုန် ရထားပြေးဆွဲမှု ရပ်နား
DVB
·
January 27, 2023
Train Line stop

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာရှိ ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းဆွဲခံရပြီးနောက် ဇန်နဝါရီ ၂၇ ရက်ကစပြီး မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ပြေးဆွဲမှု ယာယီရပ်နားထားတယ်လို့ မော်လမြိုင်ဘူတာ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

မုပ္ပလင်ဘူတာနဲ့ ကျိုက်က္ကသာဘူတာကြားမှာရှိတဲ့ ခလွန်ချောင်းကူး ရထားလမ်း သံတံတားဟာ မနေ့ ဇန်နဝါရီ ၂၆ ရက် မနက် ၄ နာရီလောက်က မိုင်းဆွဲခံရပြီး ရထားလမ်းသံတံတား သံဘောင်တွေ အက်ကွဲတာ၊ ရထားသံလမ်း ကွေးကောက်တာတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီဖြစ်စဉ်ကြောင့် ရထားလမ်းသံတံတား ကြံ့ခိုင်မှု မရှိသေးတဲ့အတွက် ဒီနေ့ ဇန်နဝါရီ ၂၇ ရက် ပြေးဆွဲမယ့် မော်လမြိုင်-ရန်ကုန်နဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ မော်လမြိုင်ဘူတာက ထုတ်ပြန်ပါတယ်။

“ဒီနေ့ကစပြီး မော်လမြိုင်-ရန်ကုန် ရထားပြေးဆွဲမှု ယာယီရပ်နားလိုက်ပါပြီ။ ရထားခရီးစဉ် ပြေးဆွဲမယ့်ရက်ကို ပြန်ကြေညာပေးပါမယ်။ အနည်းဆုံးတော့ ၃ ရက်လောက် ကြာမယ်လို့ ခန့်မှန်းတယ်” လို့ မော်လမြိုင်ဘူတာ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါကြောင့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေကို ဒီနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၆ နာရီကစပြီး ငွေပြန်အမ်းပေးမယ်လို့ ဆိုပါတယ်။

ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းဆွဲခံရပြီးနောက် မနေ့ ဇန်နဝါရီ ၂၆ ရက် ရန်ကုန်-မော်လမြိုင် လေအိတ်ရထားခရီးသည်တွေကိုလည်း ရထားချိန် ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရပြီး အဲဒီဖြစ်စဉ်တွေကြောင့် ရထားပြေးဆွဲမှု မကြာခဏ ယာယီရပ်နားနေရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013