Home
မြန်မာသတင်း
မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်များ မှောင်ခိုဈေးကွက်တွင် ၃ ဆခန့်အထိမြင့်တက်
DVB
·
June 2, 2024
MyanmarRailwayStation_02062024

မော်လမြိုင်-ရန်ကုန် ရထားစီးနင်းသူ များလာတာကြောင့် ရထားလက်မှတ်တွေ ဘူတာရုံမှာ ဝယ်ယူရခက်လာပြီး မှောင်ခိုဈေးကွက်မှာလည်း ၃ ဆလောက်အထိ ပိုပေး‌ဝယ်နေရတယ်လို့ ရထားစီးနင်းသူတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာရှိတဲ့ ကျုံအိတ်တံတားနဲ့ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရထားစီးနင်းသူ ပိုများလာသလို လက်မှတ်ရုံတွေမှာ ရထားလက်မှတ် ဝယ်ယူလို့မရတော့ဘဲ မှောင်ခို‌ရောင်းတဲ့သူတွေဆီကပဲ ဈေးကြီးပေး ဝယ်ယူနေရပါတယ်။

မီးရထားစီးနင်းသူတယောက်က “လက်မှတ်ရုံမှာ သူတို့ကြိုပြောတဲ့ ၃ ရက်ကြိုသွားပြီး သွားဝယ်တာ လက်မှတ်ကုန်နေတာပဲ။ ရုံဖွင့်ဖွင့်ချင်း သွားဝယ်တာတောင် မရှိတော့ဘူးပဲ ပြောနေတာ။ လက်မှတ်မရလို့ ပြန်ထွက်လာတာ မှောင်ခိုရောင်းတဲ့သူ ၃ ယောက်လောက်က လက်မှတ် လာရောင်းတယ်။ လက်မှတ်ဈေးမေးကြည့်တော့ ၃ ဆလောက် တင်ထားတာ။ ပြီးတော့ ရဲတယောက်ကလည်း မနက်စောစောလာခဲ့ လက်မှတ်ရအောင် လုပ်ပေးမယ်လို့ ပြောသွားတယ်” လို့ ပြောပါတယ်။

မှောင်ခိုလက်မှတ်ရောင်းချသူတွေထဲမှာ မီးရထားဝန်ထမ်းတွေနဲ့ မီးရထားရဲတွေလည်း ပါဝင်သလို သူတို့က လုပ်ပိုင်ခွင့်ပေးထားတဲ့သူတွေလည်း ရောင်း‌ချနေတယ်လို့ ဆိုပါတယ်။

မီးရထားလက်မှတ်ရုံတွေမှာ လက်မှတ်တွေ ကုန်နေပေမယ့် မတ်တတ်စီးဖို့အတွက် လက်မှတ်တွေ ရောင်းချပေးနေတယ်လို့ မော်လမြိုင်မြို့က ရထားစီးနင်းသူတယောက်က ပြောပါတယ်။

“လက်မှတ်သွားဝယ်တာ ‌ခုံတော့မရဘူး။ ရပ်ပြီးစီးရင်တော့ ရမယ်ပြောမယ်။ ဈေးမေးကြည့်တော့လည်း လက်ရှိပေါက်ဈေးထက်တောင် များနေတယ်။ တချို့ကျတော့လည်း ခရီးသွားဖို့ အရေးကြီးတော့ မတ်တတ်စီးလက်မှတ်လေးတွေ ဝယ်ပြီး ဂုန်နီအိတ်လေးတွေ ဖျာလေးတွေယူပြီး လျှောက်လမ်းမှာ ထိုင်ကြတယ်” လို့ ပြောပါတယ်။

မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်တစောင်ကို တရားဝင်ဈေး အထက်တန်း ၁၁,၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ် တစောင် ၆,၀၀၀ ကျပ်ပဲ ရှိပေမယ့် မှောင်ခိုဈေးကွက်မှာ အထက်တန်း လက်မှတ်တစောင်ကို ကျပ် ၂၅,၀၀၀ ကနေ ၃၀,၀၀၀ အထိပေါက်နေပြီး ရိုရိုးတန်း လက်မှတ်တစောင်ကို ကျပ် ၁၅,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

မီးရထားလက်မှတ်တွေ ဝယ်ယူရာမှာ လက်မှတ်ခအပိုပေးရတာနဲ့ မှောင်ခိုရောင်းချတာရှိရင် တိုင်ကြားနိုင်တယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ထားပေမယ့် လက်မှတ်ခပိုပြီး တင်ရောင်းတဲ့သူတွေနဲ့ မှောင်ခိုရောင်းတဲ့သူတွေကို စစ်ဆေးအရေးယူမှု တစုံတရာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာရှိတဲ့ ကျုံအိတ်တံတား မေ ၁၁ ရက်နေ့က အချိုးခံရပြီးတဲ့နောက်ပိုင်း မီးရထားစီးနင်းသူ များပြားလာတာကြောင့် အထူးရထားပါ ထပ်တိုးပြေးဆွဲနေရတယ်လိုလည်း မီးရထားဝန်ထမ်းတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013