တရုတ်နိုင်ငံက စေလွှတ်ထားတဲ့ လူမဲ့ လဆင်းယာဉ်ဟာ ကမ္ဘာက မမြင်နိုင်တဲ့ လရဲ့ အခြားတဖက်မှာ ဇွန် ၂ ရက်က အောင်မြင်စွာဆင်းသက်နိုင်ခဲ့တယ်လို့ တရုတ်အာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။
လရဲ့ အမြဲမှောင်နေတဲ့ဘက်ခြမ်းကနေ ပထမဆုံးအကြိမ် ကျောက်နဲ့ မြေသားနမူနာတွေ ရယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အခုဆင်းသက်နိုင်မှုဟာ တရုတ်ရဲ့ အာကာသစူးစမ်းလေ့လာရေးနယ်ပယ်မှာ အင်အားကြီးမားလာမှုကို ဖော်ပြတာလည်း ဖြစ်ပါတယ်။
အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံတွေဟာ လာမယ့်ဆယ်စုနှစ်အတွင်း အာကာသရဲ့ ဝေးလံတဲ့ နေရာတွေအထိ သွားရောက်လေ့လာဖို့အတွက် လမျက်နှာပြင်က သယံဇာတတွေကို အသုံးချဖို့နဲ့ လကို ကြားခံစခန်းအဖြစ် အသုံးချဖို့ မျှော်လင့်နေကြတာပါ။
လနတ်သမီး နာမည်ကို အစွဲပြုမှည့်ခေါ်ထားတဲ့ ချန်အဲ-၆ လေယာဉ်ဟာ လရဲ့ အာကာသဘက် မျက်နှာမူနေတဲ့ဘက်ခြမ်းက တောင်ဝင်ရိုးစွန်းအိုက်ကန်ချိုင့်ဝှမ်းမှာ တရုတ်စံတော်ချိန် နံနက် ၆ နာရီ ၂၃ မိနစ်မှာ အောင်မြင်စွာဆင်းသက်နိုင်ခဲ့တယ်လို့ တရုတ်အမျိုးသား အာကာသကွပ်ကဲရေးဌာန (CNSA) က ထုတ်ပြန်ပါတယ်။
ချန်အဲ-၆ ကိုမေလ ၃ ရက်နေ့က ကမ္ဘာမြေကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ မြေသားနဲ့ ကျောက်သားကို ကော်ယူ၊ တူးယူပြီးတဲ့အခါကျရင် လဆင်းယာဉ်ထိပ်က ရော့ကတ်အရှိန် တွန်းစက်နဲ့အာကာသထဲကို ပြန်ပို့လွှတ်လိုက်မှာဖြစ်ပြီး လပတ်လမ်းထဲက အခြားအာကာသယာဉ် တစ်စင်းနဲ့ သွားတွဲမှာ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကျရင် တရုတ်နိုင်ငံတွင်းက အတွင်းမွန်ဂိုးလီယားဒေသမှာ လမြေသားနဲ့ ကျောက်သားနမူနာသယ်လာတဲ့ယာဉ် ပြန်လည်ဆင်းသက်မှာဖြစ်ပါတယ်။
Source - Reuters