Home
နိုင်ငံတကာ
မက္ကဆီကိုတွင် သမ္မတနေရာအတွက် အမျိုးသမီး ၂ ဦး အပြိုင်လုရမည်
DVB
·
June 2, 2024
Photo - REUTERS/Quetzalli Nicte-Ha/File Photo

မက္ကဆီကို သမ္မတရွေးကောက်ပွဲမှာ အာဏာရနဲ့ အတိုက်အခံ ဘယ်ဘက်က နိုင်နိုင် ပထမဆုံးအမျိုးသမီးသမ္မတ တက်လာဖို့ သေချာနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

လက်တင်အမေရိကမှာ စီးပွားရေးအင်အား ဒုတိယအကြီးဆုံးနိုင်ငံမှာ နိုင်ငံရေးလောကကို အစဉ်အလာအားဖြင့် အမျိုးသားတွေ လွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။

ဇွန် ၂ ရက် ကျင်းပမဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရ မိုရီနာပါတီက သမ္မတလောင်း ကလော်ဒီယာ ရှိန်းဘောင်း အနိုင်ရဖို့ ရေပန်းစားနေပါတယ်။

ရှိန်းဘောင်းဟာ အဓိကအတိုက်အခံ နေရှင်နယ်အက်ရှင်ပါတီက သမ္မတလောင်း ဆိုးချစ်ဂဲလ်ဗက်ဇ်ထက် ထောက်ခံမှု ၂၀ ရာခိုင်နှုန်းလောက် သာနေတယ်လို့ စစ်တမ်းတွေ က ဖော်ပြပါတယ်။

နှစ်ဦးစလုံးက အမျိုးသမီးတွေ ဖြစ်တာကြောင့် ဘယ်သူနိုင်နိုင် အမျိုးသမီးသမ္မတ တက်လာဖို့ကတော့ သေချာနေတာ ဖြစ်ပါတယ်။

အသက် ၆၁ နှစ်အရွယ် ရှိန်းဘောင်းဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်ပြီး မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်းလည်း ဖြစ်ပါတယ်။

ရာထူးက အနားယူရတော့မယ့် သမ္မတ လိုပက်ဇ်အိုဘရာဒေါရဲ့ မူဝါဒအတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့  ရှိန်းဘောင်းက ကြွေးကြော်ထားပါတယ်။

မက္ကဆီကိုသမ္မတနေရာဟာ ခြောက်နှစ်သက်တမ်း တကြိမ်သာ ထမ်းဆောင်ခွင့်ရှိတာကြောင့် အနားယူရပေမဲ့ သမ္မတအိုဘရာဒေါအပေါ် လူကြိုက်များမှုက မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဆင်းရဲသားတွေကို ကူညီတဲ့ လူမှုဖူလုံရေးမူဝါဒတွေကြောင့် လူကြိုက်များတဲ့ သမ္မတ အိုဘရာဒေါဟာ မူးယစ်ဂိုဏ်းတွေနဲ့ပါ ထိပ်တိုက်တိုးမှုကို ရှောင်ရှားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ကုန်ကျစရိတ်များတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ၊ အမေရိကန်နဲ့ ကနေဒါတို့လို ကုန်သွယ်ဖက်တွေနဲ့ ပြဿနာတက်စေတဲ့ စီးပွားရေးမူဝါဒတွေအတွက်တော့ ဝေဖန်ခံခဲ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013