ရုရှားတရားရေးဌာနဟာ ရုပ်သံသတင်းထောက်ဟောင်းနဲ့ သမ္မတလောင်း အီကာထယ်ရီနာ ဒန့်ထ်ဆိုဗာကို နိုင်ငံခြားအေးဂျင့်အဖြစ် ကြေညာလိုက်ပြီး ဒါဟာ ကရင်မလင် ဝေဖန်ရေးသမားတွေနဲ့ ဂျာနယ်လစ်တွေကို နှိမ်နှင်းရာမှာ အသုံးပြုဖို့ တရားဝင်သတ်မှတ်ထားတဲ့ အသုံးအနှုန်းလည်း ဖြစ်ပါတယ်။
ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားရဲ့စစ်ပွဲကို ဆန့်ကျင်ခဲ့တဲ့ ဒန့်ထ်ဆိုဗာဟာ အခုနောက်ဆုံး ရုရှားသမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းဖို့ လျှောက်ထားရာမှာ အမှားအယွင်းတွေ ရှိခဲ့တဲ့အတွက် အရည်အချင်း မပြည့်မီဘူးလို့ သိရပါတယ်။
ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်ရဲ့ အကြီးအကဲ အဲလာပမ်ဖှီလိုဗာက“အီကာထယ်ရီနာ ဒန့်ထ်ဆိုဗာက ရုရှားဖက်ဒရေးရှင်းရဲ့ သမ္မတရာထူးအတွက် ဆိုပြီး ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်းတာရယ်၊ သူ့ရဲ့လုပ်ပိုင်ခွင့်ရ ကိုယ်စားလှယ်တွေ အတွက် ကိုယ်ပိုင်အမည်စာရင်းတင်သွင်းတာတွေမှာ သူ့ကို ထောက်ခံဖို့အတွက် မဲဆန္ဒရှင်အုပ်စုတစုကို ဖန်တီးထားတယ်။ အခု သူတို့တွေကို မှတ်ပုံတင်ခွင့်ငြင်းဆိုမယ့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်နေပါတယ်” လို့ ပြောပါတယ်။
ဒန့်ထ်ဆိုဗာကို တခြားလူပုဂ္ဂိုလ်တွေ၊ မီဒီယာရုံးတွေနဲ့အတူ အသစ်ပြန်ပြင်ဆင်ထားတဲ့ နိုင်ငံခြားအေးဂျင့် စာရင်းထဲမှာ ထည့်သွင်းထားတာပါ။
မကြာသေးခင်က ပြန်ပြင်ဆင်ထားတဲ့ 'ပြည်ပအေးဂျင့်များ' ဥပဒေအရ ဒန့်ထ်ဆိုဗာဟာ အခုဆိုရင် ဘာရွေးကောက်ပွဲမှာမှ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ နောက်တော့ သူဟာ 'Sunrise' ဆိုတဲ့ နိုင်ငံရေးပါတီသစ်ကို စတင်တည်ထောင်လိုက်ပြီ လို့ ကြေညာခဲ့ပါတယ်။
Source-Reuters