အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ကနေဒါကွင်းဆက်လူသတ်သမား ရောဘတ် ပစ်ခ်တန်ဟာ ထောင်တွင်း တခြားအကျဉ်းသား တဦးရဲ့ တိုက်ခိုက်ခံရအပြီး မေ ၃၁ ရက်က သေဆုံးသွားပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ကနေဒါမှာ အထင်ရှားဆုံး ကွင်းဆက်လူသတ်သမားဖြစ်တဲ့ ပစ်ခ်တန်ဟာ မူးယစ်ဆေးစွဲတဲ့သူတွေ၊ ပြည့်တန်ဆာတွေကို သတ်ဖြတ်ပြီး သူ့ဝက်မွေးမြူရေးခြံထဲမှာ အပိုင်းပိုင်း ခုတ်ထစ်လှီးဖြတ်ထားခဲ့မှု ကြောင့် ထင်ရှားသူဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ လူသတ်မှုနဲ့ သူ့ကို အပြစ်ပေးနိုင်ခဲ့ပြီး ထောင်ဒဏ် တသက်တကျွန်းချခဲ့ပါတယ်။
အမျိုးသမီး ၆ ယောက်ကို သတ်ဖြတ်မှုနဲ့ အပြစ်ပေးနိုင်ခဲ့တာဖြစ်ပေမဲ့ နောက်ထပ် အယောက် ၂၀ ကို သတ်တယ်ဆိုတဲ့ စွဲချက်လည်းရှိခဲ့ပါတယ်။
သေဒဏ် မရှိတဲ့ ကနေဒါမှာ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်အပြီးမှာတော့ အဲဒီ အယောက် ၂၀ သတ်တဲ့ စွဲချက်တွေကို အစိုးရရှေ့နေတွေက ရုပ်သိမ်းခဲ့ပါတယ်။
ထောင်ထဲမှာ အကျဉ်းချခံနေရစဉ် မေလ ၁၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီးနောက် ထောင်ဆေးရုံကို ပို့ပြီး ကုသမှုပေးခဲ့တယ်လို့ဆိုပါတယ်။
ပစ်ခ်တန်ကို ၂၀၀၂ ခုနှစ်မှာမှ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဗန်ကူးဗားက ဆင်းရဲပြီး မူယစ်ဆေးစွဲသူ များပြားတဲ့ မြို့လယ် အိစ်ဆိုက်ဒ်ရပ်ကွက်မှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီး ၆၀ ကျော်အထိ ရှိခဲ့ပါတယ်။
ဗန်ကူးဗားမြို့လယ်ကနေ အရှေ့ဘက် ၂၅ ကီလိုမိတာလောက်သွားရတဲ့ အရပ်က ပစ်ခ်တန်ရဲ့ ဝက်မွေးမြူရေးခြံမှာ အမျိုးသမီး ၃၃ ဦး ရဲ့ ဒီအင်န်အေ၊ ဒါမှမဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
Source-Reuters
Photo-Reuters