တောင်ကိုးရီးယားစစ်တပ်ဟာ အမှိုက်တွေနဲ့ မစင်အညစ်အကြေးတွေကို သယ်ဆောင်လာတဲ့ မီးပုံးပျံတွေ စေလွှတ်နေတာကို ရပ်တန့်ဖို့ မြောက်ကိုရီးယားကို မေ ၃၀ ရက်က သတိပေး ပြောဆိုလိုက်ပြီး ဒါဟာ စစ်ရပ်ဆိုင်းခြင်း သဘောတူစာချုပ်ကို ချိုးဖောက်တဲ့ လူ့အဆင့်အတန်းမရှိ၊ အောက်တန်းကျပြီး ယုတ်ညံ့စက်ဆုပ်စရာ လုပ်ရပ်ဖြစ်တယ်လို့လည်း သုံးနှုန်းလိုက်ပါတယ်။
မေ ၂၉ ရက် နေ့လယ်ပိုင်းအထိ မိုးပျံပူဖောင်းပေါင်း ၂၆၀ ကျော်ကို တွေ့ရှိခဲ့ပြီး အများစုမှာ တိရစ္ဆာန်တွေရဲ့ မစင်တွေနဲ့ အမှိုက်တွေကို သယ်ဆောင်ကာ မြေပြင်ပေါ် ကျဆင်းခဲ့ကြောင်း တောင်ပိုင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
ခုလောလောဆယ်တော့ လေထဲလွင့်နေတဲ့ မီးပုံးပျံအသစ်တွေရဲ့ အရိပ်အယောင်တွေ မတွေ့ရဘူး လို့လည်း ဆိုပါတယ်။
တောင်ကိုးရီးယားရဲ့ ပူးတွဲစစ်ဦးစီးအရာရှိ (JCS) ပြည်သူ့ရေးရာ ဒါရိုက်တာ ဗိုလ်မှူးကြီး လီဆွန်ဂျွန်းက“စီးကရက်ဘူးခွံတွေ၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းတွေ၊ ဓာတ်ခဲအဟောင်းတွေ၊ အဝတ်စဟောင်းတွေလို ညစ်ညစ်ပတ်ပတ် ပစ္စည်းတွေကို မီးပုံးပျံထဲမှာ တွေ့ရှိခဲ့ပြီး၊ လောလောဆယ် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းနဲ့ ဓာတုဗေဒ ညစ်ညမ်းမှုကိုတော့ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ အာဏာရပါတီမှ အရာရှိ ကင်မ်ယိုးဂျုံဟာ ဗုဒ္ဓဟူးနေ့ညက နိုင်ငံပိုင်မီဒီယာ KCNA မှ ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ သူ့နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပြီးတော့ မီးပုံးပျံတွေကို ဝေဖန်ခြင်း အတွက် ဆိုးလ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ မီးပုံးပျံတွေဟာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အာမခံချက်" ကို အော်ဟစ်တောင်းဆိုနေရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် ရိုးရိုးသားသား လက်ဆောင် တွေပါလို့ ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားလူမျိုးတွေဟာ သူတို့ ပြည်သူတွေ ကြဲချလိုက်တဲ့ အမှိုက်တွေကို ဆက်ကောက် နေသင့်ပြီး ဒါမျိုး ရှေ့ဆက် လုပ်ဆောင်သွားဦးမယ်လို့လည်း ဆိုပါတယ်။
ဖြစ်ရပ်တခုချင်းစီအလိုက် အခြေခံပြီးတော့ သူတို့ဆီကို ဖြန့်ကြဲခဲ့တဲ့ အမှိုက်တွေထက် ပိုများတဲ့ အမှိုက်တွေကိုလည်း တောင်ကိုးရီးယား မျိုးနွယ်စုတွေဆီ ဆက်တုံ့ပြန် ကြဲချသွားဦးမယ် လို့လည်း ပြောပါတယ်။
Source-Reuters
Photo-Reuters