စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာက စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီ၊ မိုးကာနဲ့ ဆေးဝါးပစ္စည်းတွေကို မေ ၂၈ ရက် မနက်ပိုင်းက ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင် အိမ်ထောင်စုဝင် ၄၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ် အရှေ့ခြမ်း ဗိုလ်ကျားကြီးအဖွဲ့ တာဝန်ရှိသူ ဗိုလ်ကျားကြီးက “ကျနော်တို့ သွားလှူဒါန်းပေးခဲ့တာက အိမ်ထောင်စု ၄၂ စုကို သွားရောက်လှူဒါန်းပေးခဲ့တာပါဗျ။ လှူဒါန်းပစ္စည်းက ဆန်က ၂ ပြည်၊ ဆီ ၁ ဘူး၊ ရှူးရှဲလက်ဖက်၊ မိုးကာနဲ့ ဆေးဝါးတချို့ကို လှူဒါန်းပေးခဲ့တာပါဗျ။ ဒီလှူဒါန်းမှုကို ရွှေဘိုခရိုင် လွတ်လပ်သောေထာက်ပို့များအဖွဲ့ရဲ့ လှူဒါန်းမှုနဲ့ ကျနော်တို့ ဗိုလ်ကျားအဖွဲ့ရဲ့ တပ်တွင်းရိက္ခာတချို့ကို မျှဝေလှူဒါန်းတာပါဗျ” လို့ ပြောပါတယ်။
ပေးသောလက် ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက “၅၅ သိန်းကျော်ဖိုး ထောက်ပံ့ခဲ့တာပါ။ ဒေသနယ်မြေအောက်ခြေထိ ကိုယ်တိုင်သွားလာနေရတာမို့ စစ်ဘေးသင့်ပြည်သူတွေရဲ့ ခက်ခဲမှုဒုက္ခတွေ လက်တွေ့မြင်နေရတာမို့ ရင်ထဲလည်း ကိုယ့်မိသားစုသဖွယ် ထိခိုက် နာကျင်ရပါတယ်။ ဒါကြောင့် ကျနော်တို့ ပရဟိတအဖွဲ့ ပိုပြီး ကြိုးစားပေးသွားမှာဗျ” လို့ ပြောပါတယ်။
ရှိမ်းမကားရွာမှာ စစ်ကောင်စီ အထိုင်ရှိေနဆဲ ဖြစ်တာကြောင့် စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ရက်ခြားဖြစ်ပွားနေသလို စစ်ဘေးရှောင်တွေလည်း နေ့တိုင်းလိုလို တိုးပွားလာတာနဲ့အမျှ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲ ဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
ရှိမ်းမကားရွာ စစ်ဘေးရှောင်တဦးက “ကျနော်တို့မှာ အကူအညီမရရှိတာလည်း ကြာပြီ။ အခုမှ ဒါ ထပ်ပြီး အကူအညီရတာ။ အခုလို ကူညီထောက်ပံ့ပေးတဲ့ ရွှေဘို လွတ်လပ်သော ထောက်ပို့များအဖွဲ့နဲ့ ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ရွာတွေကို မီးရှို့ခဲ့တာကြောင့် စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေလည်း ရှိေနပြီး ထောက်ပံ့ကူညီမှုတွေလည်း အများအပြား လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။