စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော်ရပ်ကွက်ကို စစ်တပ်က မေ ၃၁ ရက် မနက် ၁၀ နာရီကျော်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆိကနေ သိရပါတယ်။
တိုက်ပွဲမရှိဘဲ မန္တလေး တံတားဦးလေဆိပ်က တက်လာတဲ့ လေယာဉ်က လာရောက် ပစ်ခတ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ပစ်တာဗျ။ လူတော့ ထိခိုက်မှုမရှိဘူးဗျ။ ဆည်မြောင်းဦးစီးဌာနရဲ့ စက်ကြီးေတွ ထိန်းသိမ်းထားရာဝန်းထဲလည်း ကျတယ်ဗျ။ လူအထိအခိုက်တော့ မရှိဘူး။ ဘတ်ဟိုး ၂ စီး မှန်ကွဲတယ်။ တစီး ပိုက်တွေပြတ်ထွက်သွားတယ်” လို့ ဒေသခံ အရပ်သားတဦးက ပြောပါတယ်။
နောက်တကြိမ် ထပ်မံပစ်ခတ်မှု လာဦးမယ်ဆိုတဲ့ သတင်းတွေ ဒေသတွင်း ထွက်ပေါ်နေတာကြောင့် အရပ်သားတချို့ နေရပ်စွန့်ခွာတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ကလေး ရာဇဂြိုဟ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “လေယာဉ်ထပ်လာတယ် ဆိုတဲ့ သတင်းက ကျနော်တို့ ၁၀ နာရီမထိုးခင် မိနစ် ၂၀ လောက် ကြိုရောက်လာတယ်။ အဲလိုသတင်းရောက်လာပြီး ခဏနေတော့ လေယာဉ်ရာက်လာပြီး ပစ်တော့တာပဲဗျ။ ပစ်တဲ့လေယာဉ်က ဂျက်လေယာဉ်အမျိုးအစားပါ။ ပစ်တာကလည်း ၃ ကြိမ်လောက်ပတ်ပြီး ပစ်တာ။ တခါပစ်ရင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာတယ်။ ပစ်တဲ့ကျည်အမျိုးအစားက Rocket တွေရော၊ ပွိုင့် 5 ကျည်တွေနဲ့ရော ပစ်ခတ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း ကျောက်ချပ်ရွာကို အခုလို လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။