Home
မြန်မာသတင်း
NLD ပါတီ နာယက သူရ ဦးတင်ဦး ကွယ်လွန်
DVB
·
June 1, 2024
NLD နာယက သူရဦးတင်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)  နာယက သူရဦးတင်ဦးဟာ  ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးဝါးကုသမှုခံယူနေရာက ဇွန် ၁ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

အသက် ၉၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဦးတင်ဦးဟာ ဒီနေ့မနက် ၈ နာရီ ၄၅ လောက်မှာ ကွယ်လွန်အနိစ္စရောက်သွားတာလို့ ဒီနေ့မနက် ဆေးရုံကိုသွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက DVB ကို ပြောပါတယ်။

ဦးတင်ဦးရဲ့ ရုပ်ကလာပ်ကို အမှတ် (၃၀) ဗောဓိရိပ်သာလမ်း ဗဟန်းမြို့နယ် နေအိမ်မှာ ထားရှိပြီး ဇွန်လ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ဈာပနကျင်းပ ဂူသွင်း​ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

အသက် ၉၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဦးတင်ဦးကို မေ ၂၉ ရက်တုန်းက နှလုံးကုသဆောင်ကို ပို့ဆောင်ခဲ့ရပြီးနောက်မှာ အခြေအနေစိုးရိမ်ရတာကြောင့် အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင် သူတယောက်အဖြစ် ထင်ရှားတဲ့ သူရဦးတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ် ၁၂ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှာ ဆယ်တန်းအောင်တဲ့အထိ ပညာ သင်ကြားခဲ့ပြီးနောက် ၁၉၄၃ ခုနှစ်၊ အသက် ၁၆ နှစ်ပြည့်ချိန်မှာတော့ စစ်ထဲဝင်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ်(အခုပဒုမ္မာကွင်းနေရာ)မှာ တပ်သား အဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် အသက် ၁၇ နှစ် အရွယ်မှာ မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်း ဗိုလ်လောင်းအဖြစ် တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့တာပါ။

၁၉၄၅ ခုနှစ်မှာတော့ မန္တလေးနယ်တိုင်း တပ်မှူး ဗိုလ်မှူးဗထူး ဦးစီးတဲ့ တပ်တွေနဲ့ စစ် မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာတော့ ကြည်း(၃၆၅၁) ဒုဗိုလ်အဆင့် ပြန်တမ်းဝင် အရာရှိအဖြစ် စတင်ခန့်အပ်ခံခဲ့ရပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဗမာ့သေနတ်ကိုင်တပ်ရင်းမှာ ဒုဗိုလ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်မှာပဲ ဗိုလ်ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဦးတင်ဦးဟာ မြန်မာ့တပ်မတော်မှာ အဆင့်ဆင့် တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ၁၉၇၂ ခု ဧပြီ ၂၀ ရက်မှာ ဗိုလ်ချုပ်ရာထူး တိုးမြှင့်ခံရကာ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။

အဲဒီအချိန်မှာတော့ သူဟာ အသက် ၄၅ နှစ်အရွယ်သာ ရှိသေးတာကြောင့် တပ်မတော်ရဲ့ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရတာဟာ တပ်မတော်သမိုင်းမှာ အသက်အငယ်ဆုံးဗိုလ်ချုပ် တဦးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

၁၉၇၄ ခုနှစ်၊ မတ် ၈ ရက်မှာတော့ ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး "တပ်မတော် ကာကွယ်ရေးဦးစီးချုပ်"အဖြစ် တာဝန်ပေးအပ်ခြင်းခံရကာ တိုက်ပွဲတွေ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့တဲ့အတွက် "သူရဘွဲ့"ကိုလည်း ရရှိခဲ့ကာ ၁၉၇၆ ခုနှစ်၊ မတ် ၆ ရက်မှာ တပ် မတော်ကနေ အငြိမ်းစားယူခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှာတော့ ဦးတင်ဦးဟာ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကနေ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်အထိ အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်ခဲ့ပါတယ်။

ဦးတင်ဦး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး NLD လွှတ်တော်အမတ်ဟောင်းလည်းဖြစ် လက်ရှိ   NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ဘဘကတော့ NLD စတည်ထောင်တဲ့အချိန်ကကစပြီး  တောက်လျှောက်ပါခဲ့တာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတာလည်း ကြုံရတဲ့လောကဓံတွေက အကောင်းထက် အဆိုးပိုများတယ်လေ၊ အဲဒီ နိုင်ငံရေး လောကဓံ အရပ်ရပ်မှာလည်း တောက်လျှောက် ပြည်သူနဲ့အတူရှိနေပြီးတော့ ဒီမိုကရေစီရေးတိုက်ပွဲမှာ တစိုက်မတ်မတ် ဦးဆောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တာပေါ့နော်။ ကျနော်တို့လည်း အင်မတန်မှ လေးစားရတယ်။ အထူးသဖြင့်သူက စစ်သားပဲ။ ဒီလို စစ်သားကြီးတွေလည်း ရှိပါသေးလားဆိုတဲ့ စိတ်မျိုးကျနော်တို့ကို ခံစားစေရတဲ့ စစ်သား။ ကျနော်တို့လည်း ဘဘနဲ့ စကားပြောရတဲ့ အခါတိုင်းမှာ ဘဘက  စစ်သားကောင်းတယောက်ဟာ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ်၊ သူတို့လည်း ဘယ်လို ပုံစံနေခဲ့ထိုင်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေ အမြဲတမ်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြန်ပြောပြတာတွေ ကျနော်တို့ ကြားရတယ်။ လက်ရှိ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ မတူတဲ့ စစ်သားကောင်းကြီး တယောက်အနေနဲ့ ဘဘက အဲလိုလည်း သိမှတ်ခဲ့ရတာပေါ့နော်”လို့ပြောပါတယ်။

ဦးတင်ဦးအပါအဝင် NLD ခေါင်းဆောင်တွေရည်မှန်းခဲ့တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတခုကို ထူထောင်နိုင်ဖို့လည်း ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ဒီလိုခေါင်းဆောင်မျိုးတွေ တော်လှန်ရေးမပြီးဆုံးခင်ကာလ ဒီမိုကရေစီကို တင်းပြည့်ကျပ်ပြည့် မခံစားရသေးခင်ကာလမှ ကွယ်လွန်သွားတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ကတော့ စိတ်မကောင်းဘူး။ တိုင်းပြည်ကတကယ့် အေးချမ်းတဲ့၊ ဒီမိုကရေစီရရှိနေတဲ့ တိုင်းပြည်မျိုး ဖြစ်တယ်ဆိုရင်တော့ ဒီလိုမျိုး သူနဲ့တွေ့ချင်ဆုံချင်တဲ့သူတွေလည်း နှုတ်ဆက်ခွင့်မရတာ အဆက်အသွယ်မရတဲ့ဟာမျိုးတွေ ဖြစ်မှာမဟုတ်ဘူး ကျနော်တို့အနေနဲ့ ဘဘတို့ ဦးဆောင်ခဲ့တဲ့ ဒီမိုကရေစီခရီးကြမ်းကို ကျနော်တို့ ဆက်ပြီးတော့ လှမ်းရဦးမယ့် အခြေအနေ ဖြစ်တယ်၊ အခုက ကျနော်တို့တွေ တင်းပြည့်ကျပ်ပြည့်မဟုတ်တဲ့ ရာနှုန်းပြည့်မဟုတ်တဲ့ ဒီမိုကရေစီစနစ်တခုကို ခံစားခဲ့ရတယ်ဆိုပေမဲ့ ဒီထက်ပိုပြီးကောင်းတဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံတခုကို ထူထောင်နိုင်ဖို့လည်း ဆက်လက်ပြီးတိုက်ပွဲဝင်ရမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒီအတွက် လည်း ဘဘတို့ကိုလည်း ကတိပေးပါတယ်။ ကျနော်တို့ တော်လှန်ရေးပြီးတဲ့အထိ တစိုက်မတ်မတ်နဲ့ ဆက်ပြီး လုပ်ဆောင်သွားမယ်။”

သူရဦးတင်ဦးဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ်မှာ တကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တကြိမ် နှစ်ရှည် နေအိမ် အကျယ်ချုပ်ကျခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013