ပြီးခဲ့သည့် လေးငါးနှစ်အတွင်း စစ်ဗိုလ်ဟောင်းတို့၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်များ အလျှိုအလျှို ထွက်လာခဲ့သည်။ တချို့စာအုပ်တွေကတော့ စိတ်ဝင်စားစရာကောင်းသည်။ အများစုကတော့ စိတ်ပျက်စရာတွေ။ ဝါဒဖြန့်ချိရေးလိုလို၊ ဘုန်းတော်ဘွဲ့ လိုလို၊ ကိုယ်ရည်သွေးတာလိုလို။ ထိုကဲ့သို့ အငြင်းပွားစရာ စာအုပ်များကြားထဲမှ လုံးဝ အငြင်းပွားစရာမရှိသော၊ သမိုင်းအချက်အလက်များ ပါ၀င်သော စာအုပ်တအုပ် ထိုးဖောက် ထွက်လာသည်။
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းခဲ့သော၊ ဒီမိုကရေစီ ပြောင်းလဲရေးတွင် နိုင်ငံရေးသမားကြီးအဖြစ် ရှေ့တန်းက ပါ၀င်ခဲ့သော သူရဦးတင်ဦး၏ ဘဝအကြောင်း စာအုပ်။ စာအုပ်အမည်က “ မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရ ဦးတင်ဦး ” ။
၁၉၄၄ ခုနှစ် ဂျပန်အုပ်ချုပ်ရေးခေတ်က ပုသိမ်မြို့ကို အင်္ဂလိပ်တို့ ဗုန်းလာကြဲသည့်အချိန်တွင် စစ်ဘေးစစ်ဒဏ်ကို ကြောက်သဖြင့် ကိုရင်ဝတ်နေရာမှ စစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့သည့်ဖြစ်ရပ်နှင့် အစပြုထားပြီး၊ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းသည့်ဖြစ်ရပ်တွင် အဆုံးသတ်ထားသည်။
• - - ဘုန်းတော်ကြီးက “ မင်းဘာဆက်လုပ်မှာလဲ ကိုရင် စဉ်းစား” ဟု ပြောလာတော့ ကျွန်တော့် စိတ်ကို ဆုံးဖြတ်လိုက်သည်။ စစ်ထဲဝင်မည်။ တပ်မတော်သားကောင်းတစ်ယောက် ဘဝကို ရအောင်ယူမည်။ သို့နှင့် ကျွန်တော်က ဧကဝစနံ တစ်ခုတည်းသော စကားကို လျှောက်ထား လိုက်သည်။ “တပည့်တော် စစ်ထဲ ၀င်ပါမယ်ဘုရား” - -
သည်လိုနှင့် ရှင်နန္ဒီသာရ တဖြစ်လဲ မောင်တင်ဦးသည် စစ်သားတယောက် ဖြစ်လာခဲ့သည်။ မောင်တင်ဦး တပ်မတော်ထဲဝင်ချိန်မှာ ဂျပန်က ပေးသည့် ရွှေရည်စိမ် လွတ်လပ်ရေးခေတ်။
ထိုနှစ် သြဂုတ်လ ၁ ရက်တွင် ကျင်းပသည့် ပထမဆုံးသော လွတ်လပ်ရေးနှစ်ပတ်လည်ပွဲကို ဗိုလ်သင်တန်း ကျောင်းသား ဗိုလ်လောင်း တင်ဦး တက်ရောက်ခွင့်ရသည်။
စစ်ဝန်ကြီးဖြစ်နေသူ ဗိုလ်ချုပ်အောင်ဆန်းက “ ဒီ့ထက်ပိုစစ်မှန်တဲ့ ဒီ့ထက်အခွင့်အရေးပြည့်ဝတဲ့ လွတ်လပ်ရေးမျိုးကို လိုချင်တာအမှန်ပဲ” ဟု ထိုပွဲတွင် ထည့်ပြောသွားသည်။
၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက် တွင် တပ်ထွက်ပွဲလုပ်တော့ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “အနီး ကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ”ဟု မိန့်ကြားသည်။ အနီးကပ်ဆုံးရန်သူ ဆိုသည်မှာ ရွှေရည်စိမ် လွတ်လပ်ရေးပေးပြီး မြန်မာနိုင်ငံသားတို့ကို ကျွန်ဇာတ် ပြန်သွင်းနေသော ဖက်ဆစ်ဂျပန်များဟု ဗိုလ်တင်ဦး သိလိုက်သည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေး ပြီးတော့ တပ်ဖျက်သည်။ ခြောက်လသာ ဗိုလ်ဖြစ်လိုက်ရသော မောင်တင်ဦးသည် ဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ထိုးထားသည့် ဂုဏ်ပြုလက်မှတ်ကလေးကို ယူပြီး အမေရှိရာ ပုသိမ်သို့ ပြန်သည်။ နောက် ရန်ကုန်သို့ တက်လာပြီး ကျောင်းပြန်တက်သည်။ ဒီတခါ ကျောင်းပြန်တက်ခြင်းမှာ ဆရာဝန်လုပ်ဖို့ ဖြစ်သည်။ ထိုအချိန်က တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရန် ပြန်ဆင်နေပြီ။ ဗိုလ်မှူးကြီး ဘသန်း ( ဓမ္မိက ဘသန်း) ၏ တိုက်တွန်းမှုဖြင့် ဆရာဝန်လုပ်မည့်အကြံ ပျက်သွားသည်။ ဦးစီး အရာရှိအဖြစ် တပ်မတော်ထဲ ပြန်ရောက် သွားသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် တွင် လွတ်လပ်ရေးရသည်။ သို့သော် ထိုလွတ်လပ်ရေးကို လက်မခံသော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်အဖွဲ့များက တောခိုကြသည်။ တပ်မတော်နှင့် အပြန်အလှန် တိုက်ကြခိုက်ကြသည်။
ဗိုလ်တင်ဦးလည်း ပြည်တွင်းစစ်အတွင်း တိုက်ရင်းခိုက်ရင်း ဒဏ်ရာတွေ တစ်ကြိမ်ထက်မက ရခဲ့သည်။ ထိုကြောင့် သူရဘွဲ့ရသည်။ ထိုနောက် တဆင့်ပြီးတဆင့် ရာထူးတက်လာသည်။ ဗကပကို တိုက်စဉ်က ဗိုလ်မှူး၊ တရုတ်ဖြူကို တိုက်တော့ ဒုတိယဗိုလ်မှူးကြီး။ နောက် ဗထူးမြို့ ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး။
ရခိုင်ပြည်နယ်တပ်မတော် တပ်ပေါင်းစုမှူး။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာ သိမ်းသော အချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူး။ ထိုအချိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်း၏ အထူးယုံကြည်စိတ်ချရသော သားတပည့် “ဗိုလ်တင်ဦးလေး” ဖြစ်နေပြီ။
သူရဦးတင်ဦးက သူ့ဘဝဇာတ်ကြောင်းကို ပြောရင်း တပ်မတော်၏ သမိုင်းကိုလည်း ပြောသွား သည်။ ထို့အပြင် တပ်မတော်ခေါင်းဆောင်တွေ၏ လုပ်ရပ်တွေကိုလည်း ဖောက်သည်ချ ပြသွားသည်။
တပ်မတော်ထဲက နိုင်ငံရေး ဂိုဏ်းဂဏအကြောင်းကိုလည်း တစေ့တစောင်း ပြောပြသွားသည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အကွဲအပြဲများကြားက မြန်မာ့နိုင်ငံရေးကိုလည်း သုံးသပ်ပြသွားသည်။ ထိုကသောင်းကနင်း အခြေအနေများကြားက တပ်မတော်သား တယောက်၏ ဘဝကို လေသံရွှင်ရွှင်ဖြင့် တင်ပြထားသည်။
ပြည်တွင်းစစ်အတွေ့အကြုံအကြောင်းပြောရင်း ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုတပ်မတော်အကြောင်းကို ထည့်ပြောထားသည်။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် တော်လှန်ရေး ကောင်စီလက်ထက်တွင် တိုင်းရင်းသားတပ်ရင်းများကို ဖျက်သိမ်းပစ်ခဲ့ခြင်းကြောင့် ကိုယ့်အချင်းချင်း “နည်းနည်း စိတ်ဝမ်းကွဲကုန်ကြသည်” ဟု ရေးထားသည်။ ယင်းမှာ တပ်မတော်သမိုင်းတွင် အရေးကြီးသော အလှည့်အပြောင်း တခုဖြစ်သည်။ ပြည်တွင်းစစ်နှင့် ဆက်စပ်နေသော အကြောင်းတခုအဖြစ် ယူနိုင်မည် ထင်သည်။
တပ်မတော်တွင် ဖွဲ့စည်းထားသော ဆိုရှယ်လစ်ပါတီအတွက် ရန်ပုံငွေစုဆောင်းသည့် ကိစ္စကိုလည်း ဖော်ပြထားသည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့က ဗြိတိန်သို့သွားကာ လွတ်လပ်ရေးအတွက် ဆွေးနွေးစဉ် လွတ်လပ်ရေးသာ မရပါက ဆက်လက်တိုက်ပွဲဝင်ရန် ဗမာစစ်အရာရှိများသည် ကိုယ့်လစာ ငွေတဝက်ကို ထည့်ဝင်စုဆောင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဆွေးနွေးပွဲ အောင်မြင်သောကြောင့် ရန်ပုံငွေ စုဆောင်းမှု ရပ်သွားသည်။
“တပ်မတော်အတွင်းရှိ ဆိုရှယ်လစ်ပါတီက မည်သို့ငွေများ သုံးစွဲသည်ကိုပင် မေးမြန်းခြင်း မပြုတော့ပေ” ဟု ဦးတင်ဦးက ဆိုထားသည်။
တပ်မတော်အတွင်း ဆိုရှယ်လစ်ပါတီ၏ ကြီးစိုးနေမှုကို ဖော်ပြသည့်အချက်ဖြစ်သည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်ကြီး စသည့် နာမည်ကြီး ပုဂ္ဂိုလ်များမှာ ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင်များဖြစ်သည်။ (လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်တွင်ပင် ဆိုရှယ်လစ်ပါတီက အာဏာသိမ်းဖို့စဉ်းစားခဲ့ပုံကို ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖော်ပြထားသည်)။
နိုင်ငံရေးဂိုဏ်းဂဏများနောက်သို့ တပ်မတော်လိုက်ပါနေရသည့်အဖြစ်ကိုလည်း အသေးစိတ်တင်ပြထားသည်။ (အခန်း ၃၈) “ကာကွယ်ရေးဝန်ကြီး ကျားကြီးဗဆွေနှင့် ဖဆပလ ဦးကျော်ငြိမ်းတို့က စစ်တပ်ကို ဖိအားပေးခြင်း ”၊ (အခန်း၃၉ ) “နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ခါးကို ဖက်၍ ငိုရင်း ကယ်တော်မူပါဟု ပြောသည့် သမခန်း ရှမ်းစော်ဘွား” ၊ အခန်း (၄၆) “တပ်မတော်ကို ပြည်သူတို့ မကြည်ညိုဟု ဖော်ပြသော ၁၉၅၉ ခုနှစ်စစ်တမ်း” တို့တွင် ယင်းအကြောင်းများကို သုံးသပ်ပြထားသည်မှာ သင်ခန်းစာ ယူစရာ ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး (ပထမတွဲ)ကို မေးခွန်းသုံးခုဖြင့် နိဂုံးချုပ်ထားသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့ နံနက် ၈ နာရီတွင် မြန်မာ့အသံက ထုတ်လွှင့်သော ဗိုလ်ချုပ်ကြီး နေဝင်း၏ “အာဏာသိမ်း” မိန့်ခွန်းကို နားထောင်ပြီးနောက် သူရဦးတင်ဦး၏ စိတ်ထဲတွင် ထွက်ပေါ်လာသည့် မေးခွန်းသုံးခု ဖြစ်သည်။
“ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း”ဟု ဗိုလ်ချုပ်ကြီး နေဝင်းက ပြောသွားသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးအဖြစ် ဆောင်ရွက်နေသော သူရဦးတင်ဦးသည် “အထူးယိုယွင်းလာသောအခြေအနေဆိုး“ ဟူသည့် စကားကို အပြန်အလှန်စဉ်းစားသည်။ ဘာတွေများ ယိုယွင်းနေသည်လဲ။ စီးပွားရေးလား။ ဘာသာရေးလား။ နိုင်ငံရေးလား။ သူသိ သလောက် ဘာမှ ယိုယွင်းမှု မရှိ။
ထိုနောက် သူ၏ စိတ်အာရုံတွင် မေးခွန်းသုံးခုပေါ်လာသည်။
(၁) တပ်မတော်၏ အနာဂတ်သည် ဘယ်လဲ ဘာလဲ။
(၂) ပြည်သူလူထုနှင့် တိုင်းပြည်၏ အနာဂတ်သည် ဘယ်လဲ ဘာလဲ။
(၃) ကျွန်တော်၏ ဘဝအနာဂတ်သည် ဘယ်လဲ ဘာလဲ။
စင်စစ် ယင်းမေးခွန်းသုံးခုသည် နှစ်ပေါင်း ငါးဆယ်ကျော် လာသည့်တိုင် မြန်မာ့နိုင်ငံရေးနယ်ပယ်ကြီးအတွင်း ပဲ့တင်ထပ်နေဆဲ ဖြစ်ပေသည်။ ။
မောင်သာမည
စာညွှန်း - မြန်မာ့ဒီမိုကရေစီခရီးစဉ်နှင့် သူရဦးတင်ဦး