Home
ဆောင်းပါး
အောက်ခြေစစ်သားအသက်တွေ ရင်းပြီး ရှုံးမယ့်စစ်ပွဲ နွှဲနေတဲ့ စစ်အာဏာရူးများ
DVB
·
May 31, 2024

ရခဲလှပြီး ရေပွက်ပမာ အလွန်တိုတောင်းတဲ့ လူ့ဘဝမှာ မကောင်းမှုဒုစရိုက်တွေ ကျူးလွန်ရင်း မတည်မြဲတဲ့ စည်းစိမ်ဥစ္စာတွေရှာဖွေ၊ သမ္မာအာဇီဝမဖြစ်ဘဲ အသက်မွေးဝမ်းကြောင်းပြုပြီး ခဏတာရှင်သန်လို့ တဘဝတာ အဆုံးသတ်သွားကြသူတွေဆိုတာ အလွန်မိုက်မဲလှတဲ့ အချည်းအနှီး လူသားများသာ ဖြစ်ပါတယ်။ သူတပါးမျက်ရည်ကြီးငယ်ကျမှ ထမင်းစားရတဲ့ ဘဝဆိုးတွေ၊ သူတပါးဒုက္ခရောက် ဘဝပျက်မှ ခဏတာ ချမ်းသာခံစားခွင့်ရတဲ့ ဘဝတွေထက် ပိုမိုဆိုးရွားယုတ်မာတဲ့ ဘဝတွေကတော့ ကိုယ့်ဘဝရှင်သန်ဖို့ သူတပါးအသက်ကို ခုတုံးလုပ်ပြီး အသေခံခိုင်းတဲ့ မဟာဒုစရိုက်ကြီးကိုကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ရှိရင် ရမ်းကားဗိုလ်ကျခွင့် ရှိတယ်ဆိုတဲ့ အကျင့်ဆိုးနဲ့ စစ်မကောင်းဆိုးဝါးဂိုဏ်းဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်စနစ် ခေတ်ဦးကနေ မကြာခင် အဆုံးသတ်တော့မယ့် နိဂုံးပိုင်းအထိ တလျှောက်လုံး အာဏာကို အလွဲသုံးစားပြုပြီး မသန့်ပြန့်တဲ့ စည်းစိမ်ဥစ္စာတွေ ရှာဖွေစုဆောင်းပြီး ပြည်သူလူထုရဲ့ သွေးမျက်ရည်လူးနေတဲ့ ထမင်းဟင်းတွေ အပင်းဆို့ပြီး တရားမဲ့စွာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြပါတယ်။

အခုနောက်ဆုံးအဆင့်မှာတော့ ပြည်သူလူထုက အလိုမတူမှန်း သိပါလျက်နဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထပ်မံလုယူခဲ့ပြီး သူတို့ရဲ့ ခိုးရာပါ တိုက်ရာပါ စည်းစိမ်ဥစ္စာ အာဏာပါဝါတွေကို ကာကွယ်ဖို့ နိုင်ငံနဲ့ပြည်သူအပေါ် လူမဆန်စွာ ကမ်းကုန်အောင် ရက်စက်ယုတ်မာတဲ့ နည်းလမ်းတွေ ကျူးလွန်လာကြရင်း ရှုံးမယ့်စစ်ပွဲကို နွှဲနေကြတာ ဖြစ်ပါတယ်။

အရည်အချင်းရှိတဲ့၊ စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖြစ်၊ စစ်ရေးခေါင်းဆောင်ဖြစ်ဖြစ် မိမိတိုက်နေတဲ့ စီးပွားရေးတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲဟာ အောင်နိုင်မလား ရှုံးနိမ့်မလား၊ ဆက်တိုက်သင့်သလား တခြားအဖြေနဲ့ ထွက်ပေါက်ရှာသင့်သလား ဆိုတာ ခွဲခြားသိနိုင်ပါတယ်။

စစ်ဓားပြဂိုဏ်းဟာ အဖွဲ့အစည်းတရပ် ကျဆုံးပျက်စီးစေတဲ့ အောက်ပါအကြောင်းတရား ၄ ပါး စလုံး အတိအကျ ပြည့်စုံနေတာ နှစ်ထောင်းကြာမို့ မြန်မာ့လူ့ဘောင်ကနေ အကြွင်းမဲ့ ပျက်သုဉ်းရမှာ သေချာလှပါတယ်။

၁။ ဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်ရဖို့ ကြိုးပမ်းမှုမရှိတာ

၂။ ပျက်စီးသွားတဲ့ အရာတွေကို ပြုပြင်ဖို့ ပျက်ကွက်တာ

၃။ သင့်တင့်လျောက်ပတ်တဲ့ ခြိုးခြံချွေတာမှု ပြုလုပ်ဖို့ လိုအပ်တာကို အလေးဂရုမပြုတာ

၄။ အကျင့်သီလ ဒါမှမဟုတ် စာပေပညာမရှိတဲ့သူတွေကို ခေါင်းဆောင်တင်မြှောက်တာ

အဲဒါအပြင် စစ်ရေးပညာရှင် သေနင်္ဂဗျူဟာပါရဂူ တရုတ်စစ်သူကြီး ဆွန်ဇူး ရေးသားစီရင်ခဲ့တဲ့ The Art of War ကျမ်းထဲမှာပါတဲ့ သေရေးရှင်ရေးအတွက် အရေးကြီးတဲ့ စစ်ပွဲကြီးတွေမှာ ဘယ်သူ့ဘက်ကနိုင်မယ်၊ ဘယ်သူ့ဘက်က ရှုံးမယ်ဆိုတာကို ကြိုတင်သိစေနိုင်တဲ့ မဟာဗျူဟာကျတဲ့ အောက်ပါ ဥပဒေသ ၅ ချက်နဲ့ တိုင်းတာလိုက်ရင်လည်း ပြည်သူနဲ့ စစ်တိုက်နေတဲ့ စစ်ဓားပြဂိုဏ်းဟာ မုချရှုံးနိမ့်ရမှာ ဖြစ်ပါတယ်။

၁။ အမှန်တရားအ‌ပေါ် အခြေတည်တဲ့ ဦးတည်ရာလမ်းနဲ့ ကျင့်စဉ်တရား (Way)

၂။ ဥတု၊ သဘာဝ အာကာသ အခြေအနေ (Heaven)

၃။ ရေခံမြေခံ ပထဝီအနေအထား (Ground)

၄။ ခေါင်းဆောင်အရည်အသွေး (General)

၅။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေစည်းကမ်း (Law) စတာတို့ ဖြစ်ကြပါတယ်။

စစ်ဓားပြဂိုဏ်းဟာ လက်နက်ကိုသာ အားကိုးဗိုလ်ကျတတ်တဲ့ ဉာဉ်ဆိုးနဲ့ ပြည်သူလူထုဆန္ဒကို အသိအမှတ်မပြုဘဲ အမှန်တရားကို ဆန့်ကျင်ကြတာမို့ သူတို့ရဲ့ ဦးတည်ရာလမ်းဟာလည်း မှားယွင်းနေပါတယ်။

သူတို့ဟာ အခြေအနေ အချိန်အခါ ဥစ္စာတန်ဖိုး ကာလံ ဒေသံ အဂ္ဃံ ဓနံ၊ ပြည်တွင်းပြည်ပ နိုင်ငံရေး စီးပွားရေး စစ်ရေးအခြေအနေတွေကို မှန်မှန်ကန်ကန် မသုံးသပ်တတ်တာ သေချာလှပါတယ်။

စစ်အာဏာရှင် လူယုတ်မာတစုဟာ စစ်မြေပြင်ရဲ့ အနေအထား အနိမ့်အမြင့် အကာအကွယ် ရေခံမြေခံ ပထဝီအနေအထားတွေကိုလည်း နားမလည်၊ တိုင်းရင်းသားဒေသတွေ မြေပြန့် တောင်တန်းဒေသပါမကျန် မကျွမ်းကျင်ဘဲ ကျွန်ခံစစ်ဗိုလ်စစ်သားတွေကို အချည်းအနှီး အသေခံခိုင်းပြီး သူများအသက်နဲ့ စစ်တိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ဓားပြဂိုဏ်းရဲ့ခေါင်းဆောင် သမ္မတရူး မင်းအောင်လှိုင်ကို ကြည့်လိုက်ရင်လည်း စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ်‌‌ ခေါင်းပါးရုံမက အကျင့်သီလ စာရိတ္တ ယုတ်ညံ့နိမ့်ကျတာမို့ ဂုဏ်သိက္ခာမရှိတဲ့ ခေါင်းဆောင်ဆိုး ဖြစ်နေတာဟာ သူတို့တပ် စစ်ရှုံးရခြင်း အကြောင်းတရပ်ပါပဲ။

စစ်ဓားပြဂိုဏ်းရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စည်းကမ်းတွေ ကြည့်လိုက်ရင်လည်း တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဇာတ်တူသားစားတဲ့ဓလေ့ အကျင်စရိုက် စိတ်ဓာတ်ဆိုး၊ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား၊ အခွင့်ထူးခံ အကျင့်ပျက်ခြစားတဲ့ စရိုက်ဆိုးဟာ အာဏာရှင်သစ္စာခံ စစ်တပ်ရဲ့ ခေါင်းပိုင်းကနေ ခြေဖျားအထိ ကူးစက်နေတာ ဆေးမမီတော့ပါဘူး။

စစ်ပါရဂူ ဆွန်ဇူး ရေးသား သတိပေးခဲ့တဲ့အထဲမှာ ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ရန်သူကိုသိဖို့၊ နယ်မြေကိုသိဖို့နဲ့ ပရိယာယ်ကြွယ်ဝဖို့၊ ခြေသံလုံဖို့၊ ရန်သူကို အလစ်အငိုက် တိုက်နိုင်ဖို့ဟာ စစ်ပွဲအောင်နိုင်ရေး သော့ချက်တွေ ဖြစ်ပါတယ်။ အကြီးမားဆုံးအောင်ပွဲဆိုတာ အသက်တွေ မသေကြေရဘဲ အိုးအိမ်တွေ မပျက်စီးရအောင် စစ်တိုက်စရာ မလိုအပ်ဘဲ ရန်သူအပေါ် အောင်ပွဲခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဒီကနေ့ မြန်မာနိုင်ငံမှ စစ်အာဏာရူးတသိုက်ဟာ ကျိန်စာသင့် အောက်ခြေ စစ်ဗိုလ်စစ်သားအသက်တွေ ရင်းပြီး မုချရှုံးနိမ့်ရမယ့် စစ်ပွဲတွေ နွှဲနေကြတာ ဖြစ်ပါတယ်။ စစ်ဓားပြဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အာဏာရူး ဒုခေါင်းဆောင် စိုးဝင်းတို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ အသိဉာဏ် အမှောင်ဖုံးခံထားရတဲ့ စစ်ကျွန် စစ်ဗိုလ် စစ်သား သောင်းကြီးဂဏန်းအထိ အချည်းအနှီး အသက်ဆုံးရှုံးမယ်မှန်း သိပါလျက်နဲ့ သူတပါးအသက်ကို ထိုးကျွေးပြီး စစ်ဆင်ရေးတွေ တခုပြီးတခုလုပ်ရင်း ကျရှုံးရင်း အသေအပျောက် အင်အားပြန်းတီးမှုတွေ ကြီးမားသထက် ကြီးမားလာတာမို့ အခုနောက်ဆုံး ပြည်သူလူထုရဲ့ ရင်သွေး သားသမီးတွေ လူငယ်လူရွယ်တွေရဲ့ အသက်ကို ရင်းပြီး ရှုံးမယ့်စစ်ပွဲတွေ ဆက်လက်ဆင်နွှဲနေကြဆဲ ဖြစ်ပါတယ်။

ပြည်သူ့နွေဦးတော်လှန်ရေး အင်အားစုတွေဘက်မှာ‌တော့ အင်အား ကြီးထွားသထက် ကြီးထွားလာသလို အောင်ပွဲတွေဆင့်ကာ နယ်မြေပိုင်စိုးမှုတွေ ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေတာမို့ ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ NCO အကြပ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကို ပေးပို့ထားတဲ့ သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေအရ မကြာခင်ကာလမှာ ထုအင်အားတည်ဆောက်ပြီး မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ် အဆုံးသတ်တိုက်ပွဲ ဆင်နွှဲတော့မှာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ဓားပြအာဏာရူးတွေဟာ သူတို့ မတရားခိုးဆိုး လုယက်ထားတဲ့ စည်းစိမ်ဥစ္စာ အာဏာနဲ့ သူတို့မိသားစုဘဝတွေ ရှင်သန်ဖို့ တပါးသူတွေအသက်ကို ခုတုံးလုပ်ပြီး အသေခံခိုင်းပြီး မတရားတဲ့စစ်ကို တိုက်နေသူတွေဆိုတာ မုချရှုံးနိမ့်ပြီး အလုံးစုံပျက်စီးကြရမှာ ဓမ္မတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာ အနှံ့အပြားမှာ စစ်ရေးရှုံးနိမ့်မှုတွေ၊ နယ်မြေလက်လွှတ်ဆုံးရှုံးမှုတွေ များသထက်များလာပြီး တနေ့တခြား ယိမ်းယိုင်ချည့်နဲ့ အားနည်းလာရင်း မကြာခင် အပြီးတိုင် ပြိုလဲချုပ်ငြိမ်းဖို့မှတပါး အခြားမရှိပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024