Home
နိုင်ငံတကာ
အီဂျစ်-ဂါဇာ နယ်စပ်စင်္ကြံကို အစ္စရေး ထိန်းချုပ်၊ ဂါဇာအတွက် အစီအစဉ်သစ် ရေးဆွဲရန် အမေရိကန် တိုက်တွန်း
DVB
·
May 31, 2024
Photo -REUTERS

ဂါဇာ-အီဂျစ် နယ်စပ်တလျှောက် မဟာဗျူဟာအရ အရေးပါပြီး ဖီလာဒယ်လ်ဖီစင်္ကြံလို့ခေါ်တဲ့ ကြားခံဇုန်ကို အစ္စရေးစစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဗိုလ်ချုပ် ဒယ်နီယယ် ဟာဂါရီက မေ ၂၉ ရက်မှာ ပြောပါတယ်။

ဒါဟာ ဂါဇာကမ်း‌မြောင် နယ်စပ်တခုလုံးကို အစ္စရေးက ထိန်းချုပ်လိုက်ပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ရာဖာမြို့တွင်း အစ္စရေး စစ်ဆင်ရေးကို ပြထားတဲ့ ရုပ်သံကိုလည်း အစ္စရေးစစ်တပ်က ဖြန့်ချိပါတယ်။

ရာဖာမြို့ထဲမှာ အစ္စရေးရဲ့ ၁၀ ရက်ကြာ စစ်ဆင်ရေးအတွင်း လက်နက်မှောင်ခိုသယ်ဖို့ ဟားမတ်စ်တွေသုံးတဲ့ ဥမင်လိုဏ်ခေါင်း ၂၀ လောက်ကို တွေ့ခဲ့လို့ ဒီသတင်းကို အီဂျစ်အစိုးရဆီ ပေးပို့ထားတယ်လို့ တခြားစစ်ဘက်အရာရှိတဦးက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးက သူ့စစ်ဆင်ရေးကို တရားမျှတကြောင်းပြဖို့ ကြိုးပမ်းနေတာလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အီဂျစ်ရုပ်သံက ဖော်ပြခဲ့ပါတယ်။

အီဂျစ်က နယ်စပ်ဖြတ်ကျော် ဥမင်လိုဏ်ခေါင်းတွေကို ဖျက်ဆီးခဲ့ပြီး လက်နက်တွေ မှောင်ခိုကူးဖို့ မဖြစ်နိုင်တော့ဘူးလို့ အရင်က ပြောဖူးပါတယ်။

ပါလက်စတိုင်းမြို့ ရာဖာ စစ်ဆင်ရေးကို တရားမျှတအောင် ဆက်လုပ်ဖို့ နိုင်ငံရေး ရည်ရွယ်ချက်အတွက် စစ်ပွဲကို ရှည်ကြာအောင် ဒီစွပ်စွဲချက်တွေကို အစ္စရေးက သုံးနေတာလို့ အဆင့်မြင့် အီဂျစ်သတင်းရင်းမြစ်တခုကို ကိုးကားပြီး အယ်လ်-ကာဟီရာ သတင်းဌာနက စွပ်စွဲခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွက် စစ်ပြီးခေတ် အစီအစဉ်တခု ချမှတ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မေလ ၂၉ ရက်မှာ အစ္စရေးကို တိုက်တွန်းလိုက်ပြီး အဲ့လိုမှ မလုပ်ထားရင် တရားမဲ့မှု၊ ပရမ်းပတာဖြစ်မှုနဲ့ နယ်မြေအတွင်းကို ဟားမတ်စ်တွေ ပြန်လာနိုင်တာတွေ ဖြစ်နိုင်ကြောင်းလည်း သတိပေး ပြောဆိုလိုက်ပါတယ်။

မော်လ်ဒိုဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလင့်ကန်က“ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးအတွက် အရေးတကြီး လိုအပ်သလို၊ ဂါဇာမှာ အုပ်ချုပ်မှုနဲ့ ဂါဇံပြည်သူတွေရဲ့ ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့အတွက်လည်း ထည့်တွက်ရမယ်” လို့ ပြောပါတယ်။

အစ္စရေးဟာ အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုလိုမျိုး တိုက်ခိုက်မှုတခုကို ထပ်ပြုလုပ်ပြီး ဟားမတ်စ်အဖွဲ့ရဲ့ စွမ်းရည်ကို ဖျက်ဆီးခဲ့ရာမှာ အမှန်တကယ် အောင်မြင်မှုရရှိခဲ့ပြီး ဖြစ်ပေမယ့်လည်း စစ်ပြီးခေတ် အစီအစဉ်မရှိဘဲ ဟားမတ်စ်ကို နောက်ထပ် အကျိုးအမြတ် ရနိုင်မှာလား ဆိုတာကို အခုပဲ အစ္စရေးအစိုးရကို မေးနေရတယ်လို့လည်း သူက ဆိုပါတယ်။

အရပ်သားတွေထဲမှာ အနီးကပ် ရောနှော တည်ရှိနေတဲ့ ဟားမတ်စ်ရဲ့ အခက်အခဲကိုလည်း ဘလင်ကန်က ထောက်ပြပါတယ်။

တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အနောက်ပိုင်းခရိုင်ရှိ တဲစခန်းတခု မီးလောင်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အစ္စရေးက သူတို့ဟာ စခန်းဝင်းထဲက ဟားမတ်စ် အကြီးတန်း အရာရှိ ၂ ဦးကို ပစ်မှတ်ထားပြီး အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်စေဖို့ မရည်ရွယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ ရာဖာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အဖြစ်အပျက်ကို ချက်ချင်းစုံစမ်းပြီးတော့ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို တိတိကျကျ ဆုံးဖြတ်ဖို့ နဲ့ တာဝန်ခံမှုရှိဖို့ လိုအပ်ရင်လည်း တာဝန်ခံဖို့ အစ္စရေးနဲ့ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ထားကြောင်းလည်း ပြောသွားပါတယ်။ 

ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့လယ်ဆီ အစ္စရေးတင့်ကားတွေ လှိမ့်ဝင်သွားပြီးတဲ့နောက် တရက်အကြာမှာ ပြင်းထန်တဲ့ လမ်းပေါ်တိုက်ပွဲတွေနဲ့ အစ္စရေးက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ဖြစ်နေတယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနက မေ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၃၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုက ရွက်ဖျင်တဲထဲမှာ ခိုလှုံနေသူတွေလို့လည်း အယ်လ်ဂျားဇီးယားက ပြောခဲ့ပါတယ်။

ဂါဇာရှိ ဆေးရုံတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို မေ ၂၉ ရက်က ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အစည်းအဝေးမှာ နိုင်ငံပေါင်း ၃၀ ကျော်က ရှုတ်ချခဲ့ပြီး ဂါဇာဒေသရဲ့ ကျန်းမာရေး အကျပ်အတည်းမှာ အစ္စရေးရဲ့ အခန်းကဏ္ဍကို ပိုမိုစိစစ်ဖို့ တောင်းဆိုခဲ့ပြီး တချို့ကတော့ အငတ်ဘေးအန္တရာယ် ကြီးထွားလာမှုအတွက် အစ္စရေးနိုင်ငံကို အပြစ်တင်ကြပါတယ်။

အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဆေးရုံတွေကို ပစ်မှတ်ထားပြီး ကုသရေးဌာနတွေကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ခဲ့တာကြောင့် ဒါဟာ အခြေခံကျန်းမာရေး အခွင့်အရေးကို ဆန့်ကျင်တဲ့စစ်ပွဲကို ဆိုလိုနေတယ်လို့ တူရကီ ကျန်းမာရေးဝန်ကြီး ဖာဟက်တင် ကိုးဂျာက ပြောပါတယ်။

ပါလက်စတိုင်း သံအမတ်ကြီး အီဗရာဟင်မ် ခရိုက်ရှီက အဆိုကို ထောက်ခံဖို့ လူတွေများပြားနေတဲ့ အစည်းအဝေးခန်းမထဲရှိ နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးသံအမတ်ကြီး မေးရတ် အေလွန်း ရှားဟား ကတော့ စစ်ရေးရည်ရွယ်ချက်တွေ အတွက် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို အသုံးပြုခြင်းကြောင့် လူနာတွေ ဘေးကင်းရေးကို တမင်တကာ အန္တရာယ်ကျရောက်စေတဲ့အတွက် ဟားမတ်စ်ကို အပြစ်တင်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုအတွင်း လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ပြီး ဓားစာခံ ၂၅၀ ဖမ်းဆီးခံခဲ့ရတာကိုလည်း ကိုးကားချက်မှာ ထည့်သွင်းပေးဖို့နဲ့ လက်နက်ကိုင်အဖွဲ့တွေက ဆေးရုံတွေကို အသုံးပြုမှုကိုလည်း ရှုတ်ချပေးဖို့တွေကိုလည်း ပြင်ဆင်ချက် တင်သွင်းခဲ့ပါတယ်။

WHO ကတော့ အစ္စရေး-ဟားမတ်စ် ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကစပြီး ဂါဇာ အပါအဝင် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေရှိ ရာနဲ့ချီတဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို မှတ်တမ်းတင်ထားပြီး အစ္စရေးကို ပြစ်တင်ပြောဆိုမှု မရှိပါဘူး။

အခုလအတွင်း ပဋိပက္ခရဲ့ နောက်ဆုံးအဆင့်မှာ အစ္စရေးဟာ ရာဖာကို စစ်ဆင်ရေးဆင်နွှဲပြီး လူနာလွှဲပြောင်းမှုတွေကို ပိတ်ဆို့ခြင်းနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေကို ဖြတ်တောက်ခြင်း၊ နောက်ဆုံးကျန်တဲ့ ဆေးရုံလည်ပတ်နေမှုကို ခြိမ်းခြောက်ခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဂါဇာရှိ “ကပ်ဘေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း” ရဲ့ သက်သေအထောက်အထားတွေကို တိုးတက်အောင်လုပ်ဖို့နဲ့ ၈ လနီးပါးကြာ ပဋိပက္ခ ဖြစ်ပွားပြီးနောက် အငတ်ဘေးနဲ့ ရောဂါဆိုင်ရာ ကုလသမဂ္ဂ သတိပေးချက်တွေအကြား “ငတ်မွတ်ခေါင်းပါးခြင်း” ကို အစီရင်ခံဖို့တွေအတွက် ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီကို လုပ်ပိုင်ခွင့်ပေးမယ့် အဆိုပြုချက်ကို ဂျီနီဗာမှာ ကျင်းပတဲ့ WHO ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ နိုင်ငံတစုက ထောက်ခံနေပါတယ်။

ဒီအဆိုကို အာဖရိကနဲ့ ပင်လယ်ကွေ့ဒေသမှ နိုင်ငံပေါင်း ၃၀ ကျော်အပြင် ရုရှား၊ တူရကီနဲ့ တရုတ် တို့ကလည်း ထောက်ခံထားပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ မဲပေးမယ်လို့ မျှော်လင့်ရပါတယ်။

Source-Reuters

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024