Home
ဆောင်းပါး
ဂျာမနီနှစ်နိုင်ငံပေါင်းစည်းပြီးနောက် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ
DVB
·
May 31, 2024
ယူရို ၂၀၂၄ ပြိုင်ပွဲ။Photo- REUTERS

ဥရောပလိဂ်ပြိုင်ပွဲတွေပြီးဆုံးသွားပေမဲ့ဘောလုံးပရိသတ်တွေအတွက် စိတ်လူပ်ရှားစရာပြိုင်ပွဲက အသင့်စောင့်ကြိုနေပါတယ်။

ဥရောပဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲဖြစ်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲပါ။ ယူရို ၂၀၂၄ ပြိုင်ပွဲကို သမိုင်းတလျှောက် အအောင်မြင်ဆုံးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံက  လာမယ့် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက် အထိ လက်ခံကျင်းပသွားမှာဖြစ်တယ်။

၁၉၉၀ ပြည့်နှစ်မှာ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီနိုင်ငံပေါင်းစည်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာမနီတနိုင်ငံတည်းက  ပွဲစဉ်အားလုံးကို အိမ်ရှင်ဖြစ် လက်ခံကျင်းပ သွားမှာဖြစ်တယ်။

ဂျာမနီနိုင်ငံဟာ ယူရို ၂၀၂၄ ပြိုင်ပွဲလက်ခံကျင်းပနိုင်ဖို့အတွက် တူရကီနိုင်ငံနဲ့ အပြိုင်လျှောက်ထား ခဲ့ပြီး  မဲအပြတ်အသတ်နဲ့ အနိုင်ရကာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့တာပါ။

ဂျာမန်တွေရဲ့ နယ်နိမိတ် အတွင်းမှာ တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာဖြစ်သလို ဂျာမနီနိုင်ငံ အနေနဲ့ ၂၀၂၀ ပြိုင်ပွဲမှာ ၁၁ နိုင်ငံ ပူးတွဲ အိမ်ရှင်အနေနဲ့ လက်ခံကျင်းပခဲ့တာကလွဲရင် တနိုင်ငံထဲမှာပဲ ပွဲစဉ်အားလုံးကို ပထမဆုံးအကြိမ် ကျင်းပမယ့် ပြိုင်ပွဲဖြစ်ပါတယ်။

ဂျာမနီမြို့ကြီး ၁၀ မြို့က ကွင်း ၁၀ ကွင်းမှာ လက်ခံကျင်းပသွားမှာဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကိုတော့ ဘာလင်မြို့က အိုလံပစ်ကွင်းမှာကျင်းပသွားမှာ ဖြစ်တယ်။ လက်ခံကျင်းပမယ့် ၁၀ ကွင်းထဲမှာ ၉ ကွင်းက ၂၀၀၆ ကမ္ဘာ့ဖလားမှာ အသုံးပြုခဲ့တဲ့ ကွင်းတွေ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အထိမ်းအမှတ်လာဘ်ကောင်ရုပ်အဖြစ် အဲလ်ဘတ်လို့ အမည်ပေးထားပြီး ဘောင်းဘီတိုနဲ့ ဂျာစီနံပါတ် ၂၄ ဝတ်ဆင်ထားတဲ့ ကစားစရာ ဝက်ဝံရုပ်လေးဖြစ်ပါတယ်။

ပရိသတ် တွေရဲ့ မဲပေးမှု စုစုပေါင်း ၃၂ ရာခိုင်နှုန်း ရရှိပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ရက်က ထုတ်ဖော်ပြသခဲ့ တာဖြစ်တယ်။

ပြိုင်ပွဲရဲ့ ဘောလုံးကိုတော့ ဂျာမန်အားကစားထုတ်လုပ်ရေးကုမ္ပဏီ Adidas က ထုတ်လုပ်ထားပြီး ဂျာမန်စကားနဲ့ “Fussballiebe”  အင်္ဂလိပ်လိုကတော့ Love of Football လို့ အမည်ရပါတယ်။ ဘောလုံးအတွင်းထဲမှာ အာရုံခံကိရိယာပါတဲ့ အီလက်ထရောနစ်ပြား သေးသေးလေး ထည့်သွင်း ထားပြီး လက်ထိဘောနဲ့ လူကျွံဘောလို ဖြစ်ရပ်တွေမှာ နည်းပညာအရ အကူအညီ ရရှိနိုင်မှာပါ။ ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အဲဒီလိုနည်းပညာကို ထည့်သွင်း အသုံးပြုမှာ ဖြစ်ပါတယ်။

ခြေစစ်ပွဲအဆင့်ကို ဥရောပတိုက်က အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံစလုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်ဂျာမနီကတော့ အလိုအလျောက်ဝင်ခွင့်ရရှိခဲ့တာပါ။

ခြေစစ်ပွဲအဆင့်မှာ  အုပ်စု ၁၀ ခု ခွဲခြားခဲ့ပြီး အုပ်စုပထမနဲ့ ဒုတိယအသင်း ၂၀ က တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ပါတယ်။

လက်ကျန် ၃ နေရာ အတွက်တော့ ပလေးအော့ဖ်ပွဲစဉ်တွေဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပိုလန်၊ ယူကရိန်းနဲ့ ဂျော်ဂျီယာအသင်းတွေက ဝေးလ်၊ အိုက်စလန်နဲ့ ဂရိအသင်းတွေကို အနိုင်ရပြီးခြေစစ်ပွဲ အောင်မြင်လာခဲ့တာပါ။

ဂျော်ဂျီယာအသင်းက ယူရိုပြိုင်ပွဲကိုပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ နိုင်ငံဖြစ်လာခဲ့ပြီး  ဆွီဒင်နဲ့ ဝေးလ်တို့ ခြေစစ်ပွဲမအောင်မြင်ခဲ့သလို ရုရှားနိုင်ငံကတော့ ပြိုင်ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရ တာကြောင့် ယှဉ်ပြိုင်ခွင့်မရခဲ့တာပါ။

အယ်လ်ဘေးနီးယား၊ ရိုမေးနီးယားနဲ့ ဆားဘီးယားအသင်းတို့ တကျော့ပြန် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြပြီး ရုရှားနဲ့ ဂရိကလွဲရင် ချန်ပီယံဟောင်းအသင်းကြီးတွေ အားလုံးလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြတာဖြစ်တယ်။

အုပ်စုမဲခွဲပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာ  ဥရောပဘောလုံးအဖွဲ့ချုပ်ရုံး စိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့ကျင်းပခဲ့ပြီး စုစုပေါင်း ၂၄ သင်းကို ၆ အုပ်စုခွဲပြီးယှဉ်ပြိုင်ကစားကြ မှာပါ။ 

ပြင်သစ်၊ ဟော်လန်၊ ပိုလန်နဲ့ သြစတြီးယားတို့ တအုပ်စုတည်းတွေ့ဆုံတဲ့  အုပ်စု D နဲ့ စပိန်၊ ခရိုအေးရှား၊ အီတလီနဲ့ အယ်လ်ဘေးနီးယားတို့ တွေ့ဆုံတဲ့ အုပ်စု B ကိုတော့ အကျပ်ဆုံး အုပ်စုတွေအဖြစ် သတ်မှတ်ကြပါတယ်။

အိမ်ရှင်ဂျာမနီက စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန်အသင်းတွေနဲ့ အုပ်စု A တအုပ် စုတည်းကျရောက်ခဲ့ပြီး  အင်္ဂလန်က ဒိန်းမတ်၊ ဆားဘီးယား၊ ဆလိုဗေးနီးယား တို့နဲ့ အုပ်စု C မှာ တွေ့ဆုံပါတယ်။ ဘယ်လ်ဂျီယံအသင်းက ဆလိုဗက်ကီးယား၊ရိုမေးနီးယား၊ ယူကရိန်းတို့ နဲ့ အုပ်စု E ၊ ပေါ်တူဂီက တူရကီ၊ ဂျော်ဂျီယာ၊ ချက် အသင်းတွေနဲ့ အုပ်စု F မှာတွေ့ဆုံပါတယ်။

ချန်ပီယံဖြစ်ဖို့ ရေပန်စားမှုမှာတော့ အင်္ဂလန်အသင်းက နံပါတ်တစ်နေရာမှာရပ်တည်နေပြီး  ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီ အသင်းတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို၊ နောက်ခံလူ ပီပီနဲ့  ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်တို့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်လာမှာ ဖြစ်တယ်။ ယူရိုပြိုင်ပွဲရဲ့ အုပ်စုအလိုက် အသင်းတွေရဲ့ အလားအလာနဲ့ မျှော်လင့်ချက်တွေကို ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013