ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို အဖျက်အမှောင့် လုပ်ရပ်တွေအတွက် အပြစ်ရှိကြောင်း မေ ၃၀ ရက်မှာ စီရင်ဆုံးဖြတ်ပြီး ၂ ယောက်ကို တရားသေ လွှတ်ပေးလိုက်ပါတယ်။
ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်မြို့ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
တရားခွင်မစတင်မီ တရားရုံးတဝိုက်မှာ နိုင်ငံခြားသံတမန် အများအပြား တက်ရောက်လာလို့ လုံခြုံရေး တင်းကျပ်ထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက ကားတွေနဲ့ ကင်းလှည့်နေပြီး ထောက်ခံသူတချို့က နေရာတခုရဖို့ ညလုံးပေါက် တန်းစီနေခဲ့ကြပါတယ်။
ဒီမိုကရက်တစ် အတိုက်အခံတွေကို ဆန့်ကျင်တဲ့ ဟောင်ကောင်ရဲ့ အကြီးမားဆုံး တရားစီရင်မှုမှာ ရဲတပ်ဖွဲ့က မြို့အနှံ့ နေအိမ်တွေကို အရုဏ်တက် စီးနင်းခဲ့ပြီး ဒီမိုကရက်တစ် လှုပ်ရှားသူ ၄၇ ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ၃ နှစ်ကျော်ကြာမှာ ခုလို စီရင်ဆုံးဖြတ်ခဲ့တာပါ။
သူတို့ဟာ တရုတ်ပြည်မကြီး အစိုးရက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ အဖျက်အမှောင့် ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။
ဒီပြစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ကနေ တသက်တကျွန်းအထိ နောက်ပိုင်းမှာ စီရင်ချက် ချမှတ်နိုင်ပါတယ်။
စီရင်ချက် ချမှတ်ခံရသူတွေထဲမှာ အရင် ဒီမိုကရက်တစ် လွှတ်တော်အမတ်ဟောင်း လီလောင်ကွတ်ခ်၊ လမ်ချောင်တင်နဲ့ ဟယ်လီနာဝေါင်တို့ ပါပါတယ်။
အယူခံဝင်၊ မဝင်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ တရားရုံးက နေ့လယ်ပိုင်းအထိ ရွှေ့ဆိုင်းထားပါတယ်။
တရားသေ လွတ်မြောက်သွားသူတွေကတော့ ရှေ့နေ လောရင့်စ်လျိုနဲ့ လူမှုဝန်ထမ်း လီယွိရှန့်တို့ ဖြစ်ပါတယ်။
Source-Reuters
Photo-Reuters