Home
မြန်မာသတင်း
စစ်တပ်က စစ်တွေပြည်သူ ၄ ဦးကို ပစ်သတ်၊ ရှမ်းတောင်တိုက်ပွဲတွင် အရပ်သား ၇၅ ဦးသေဆုံး
DVB
·
May 30, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ မေ ၂၉ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးကာ ပြည်သူ ၄ ယောက်ထက်မနည်းကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ၊ သုံးဆောင်ရွာ၊ ကျေးတောရွာ အပါအဝင် ကျေးရွာ ၄ ရွာကို မေ ၂၉ ရက် ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ကြတယ်လို့ စစ်တွေမြို့ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကိုတော့ ဗျိုင်းဖြူရွာ သင်္ချိုင်းပြင်ကို ခေါ်သွားကြပြီး အမျိုးသားတွေကိုတော့ စစ်ကောင်စီရဲ့ ခလရ ၂၀ တပ်ရင်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် မေ ၃၀ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို သင်္ချိုင်းပြင်မှာ နေပူထုတ်လှန်းပြီး ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ကာ ခလရ ၂၀ ခေါ်သွားတဲ့အထဲက ကျေးတောရွာက ဦးကုလားမောင် အပါအဝင် ပြည်သူ ၄ ယောက်ထက်မနည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တွေမြို့နယ်မှာ မေ ၂၄ ရက် ညပိုင်းကလည်း စစ်ဘေးရှောင်ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်တို့မှာ ဇန်နဝါရီ ၂၁ ရက်မှ မေ ၂၈ ရက်အထိ တိုက်ပွဲဖြစ်ပွားတဲ့ ၁၂၆ ရက်အတွင်း အရပ်သား ၇၅ ဦးသေဆုံးပြီး ၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးမှုထဲမှာ အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၄ ဦး၊ ကလေးငယ် ၁၃ ဦး၊ ကျား မ အတည်မပြုနိုင်သူ ၆ ဦးတို့ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးထိမှန်ခြင်းနဲ့ အဖမ်းခံရပြီး သတ်ဖြတ်ခံရခြင်းတို့ကြောင့် သေဆုံးမှု အများဆုံးဖြစ်ကြောင်း ပြောပါတယ်။

အခု ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တွေမှာ တိုက်ပွဲငြိမ်နေပြီဖြစ်တာကြောင့် ဒေသခံအများစုမှာ နေရပ်ပြန်နေနိုင်ကြပြီ ဖြစ်ပေမဲ့ လူဦးရေ ၅၉,၀၀၀ နဲ့အထက်က စစ်ရှောင်နေရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ တာဝန်ရှိသူ မနန်းက “ဒေသခံပြည်သူ တော်တော်များများ နေရပ်ကို ပြန်လာနေကြတာတွေ တွေ့ရတယ်။ အကြောင်းအရင်းက စစ်ကောင်စီနဲ့ ပြည်သူ့စစ်က နေရပ်ကိုပြန်ပါ ဖိအားပေးတဲ့ ကိစ္စရပ် တောက်လျှောက်ရှိတယ်။ နောက်တခုက မြေပြင်တိုက်ပွဲ ငြိမ်လာတာရယ် စိုက်ပျိုးရာသီ ရောက်လာတာရယ်ကြောင့် ပြန်လာနေထိုင်တယ်။ ပြန်လာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေက စစ်သားစုဆောင်းခံနေရတယ်။ မိုင်းအန္တရာယ်ကိစ္စရပ်တွေ ကြုံနေကြရတယ်။ ပြီးတော့ တိမ်းရှောင်ကာလတွင်းမှာ နေရပ်မှာကျန်တဲ့ ပစ္စည်းတွေက ခိုးခံရတယ်၊ သယ်ထုတ်ခံရတယ်၊ ဖောက်ထုတ်မွှေခံရတယ်၊ သံတိုသံစကအစ ပျောက်ဆုံးမှုဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သားနေအိမ် ၆၄၅ ခု၊ ဘာသာရေးအဆောက်အဦ ၂၇ ခု၊ စာသင်ကျောင်း ၁၃ ခု၊ လမ်းတံတား ၄ ခု၊ ဆေးရုံဆေးခန်း ၄ ခု၊ စျေး ၁ ခုလည်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013