မြန်မာနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတွေဟာ ဗဟိုချုပ်ကိုင်မှု လွတ်ကင်းပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်မယ့်အရေး ကြုံနေရတယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG)က မေ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်း နယ်စွန်နယ်ဖျားရှိ နယ်မြေအများအပြားကို တော်လှန်ရေး အင်အားစုတွေထံ အလျင်အမြန်ဆုံးရှုံးနေတာကြောင့် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ပေါ် ပြစ်တင်ဝေဖန်နေကြတယ်လို့ ICG က ထုတ်ပြန်ပါတယ်။
တပ်ချုပ်အဖြစ် သူ့ရဲ့ နေ့ရက်တွေကို လက်ချိုးရေလို့ရတဲ့အထိ မင်အောင်လှိုင်ရဲ့ အာဏာထိုင်ခုံဟာ လှုပ်ယမ်းလာနိုင်ခြေရှိပေမဲ့ မြန်မာစစ်တပ်ဟာ မနက်ဖြန်၊ သန်ဘက်ခါ ပြိုလဲမယ့် အနေအထားအထိ မယိုယွင်းသေးကြောင်းလည်း ထောက်ပြထားပါတယ်။
အင်အားချည့်နဲ့လာတဲ့ စစ်ကောင်စီဟာ အာဏာကို ဆက်လက်ဖက်တွယ်နေပြီး ဆုံးရှုံးနယ်မြေတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီး လက်စားချေနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှုအလွန် ထွက်ပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့တွေဟာလည်း စစ်တပ်ကို အပြုတ်တိုက်မယ်လို့ ကြုံးဝါးထားပေမဲ့ လက်နက်၊ ခဲယမ်း အလုံအလောက်မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လတ်တလော နေပြည်တော်တဝိုက်ကို အင်အားကောင်းကောင်းနဲ့ အပြည့်အဝထိန်းထားပြီး ဆုံးရှုံးသွားတဲ့နယ်မြေတွေကို လက်စားချေ လေကြောင်း တိုက်ခိုက်မှုကြောင့် နောင်အချိန်အတိုင်းအတာတခုအထိ သွေးထွက်သံယိုဖြစ်စဉ်တွေ ဆက်ဖြစ်နေဦးမယ်လို့လည်း ICG က ထောက်ပြထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အင်အားအခိုင်အမာ တည်ဆောက်ပြီး အုပ်ချုပ်ရေးယန္တရားနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစနစ်ကိုတိုး ချဲ့နေကြတယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ပျော့ပျောင်းတဲ့ မူဝါဒ စွဲကိုင်ပြီး နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ အကြံပြုထားပါတယ်။
အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအလှူရှင်တွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရာမှာ ဗဟိုအာဏာပိုင်အစိုးရတရပ်နဲ့ ပုံသေဆက်ဆံတာထက် ကျော်လွန်ပြီး မူဝါဒပိုင်း ချိန်ညှိဖို့လိုအပ်ကြောင်း ICG ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။