စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ ကလေးမြို့ပြ စစ်ဆင်ရေး Operation Mo Mo ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ကိုဒီမို (ခေါ်) ကိုရန်နိုင်ဦး ဟာ မေ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ စောင့်ကြိုတိုက်ခိုက်ခံခဲ့ရပြီး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
ကိုဒီမိုဟာ လက်ရှိမှာ မြို့ပြစစ်ဆင်ရေးတာဝန်ခံနဲ့ ကလေးခရိုင် အထူးလှုပ်ရှားတပ်ရင်း-၅ (SR-5) ရဲ့ ဒု-တပ်ရင်းမှူးတာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တာပါ။
ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက “သူက မြို့ထဲကို မစ်ရှင်တခု သွားလုပ်ရင်း စစ်တပ်ရဲ့ ကြိုတင်တိုက်ခိုက်တာ ခံလိုက်ရတာဗျ။ အဓိကကတော့ စစ်တပ်ဘက်က တိကျတဲ့ ကြိုတင်သတင်းရလို့ ဝိုင်းပစ်ခံရတာပေါ့။ သူ့ရဲ့ရုပ်အလောင်းကိုတော့ ပြန်မရခဲ့ဘူး။ ကိုဒီမို ကျဆုံးသွားတာက ကျနော်တို့ တော်လှန်ရေးရဲဘော်တွေအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီးပါပဲဗျာ” လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာတော့ စစ်ကောင်စီက ကြိုတင်သတင်းရမှုကြောင့် ကလေး UG ခေါင်းဆောင်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကိုဒီမိုရဲ့ ရုပ်အလောင်း အပါအဝင် ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပစ္စတိုကျည်ဆန် ၁၆ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကလေး PDF တပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်က ဝိုင်းပြီး အပြန်အလှန် ပစ်ခတ်ကြတာ။ ကိုဒီမိုက ကလေးတွေ (သူနဲ့ပါခဲ့တဲ့ရဲဘော်တွေ) ကို နောက်ဆုတ်ပြေးခိုင်းပြီး သူပဲခံပစ်ခဲ့ရင်း ကျသွားတာ။ အဲပစ်ခတ်မှုမှာ ကျနော်တို့ မျက်မြင်အရ စစ်တပ်ဘက်ကလည်း ဗိုလ်တကောင်ကျတယ်။ တပ်သားတယောက် ခြေထောက်ထိသွားတယ်။ ကလေးတွေ အလွတ်ပြေးခိုင်းပြီး သူက အသေခံပစ်ပြီး ချန်နေခဲ့တာ။ တကယ့်ခေါင်းဆောင်ကောင်း စိတ်ဓာတ်ပါဗျာ” လို့ ပြောပါတယ်။
ကိုဒီမို ကျဆုံးခြင်းနဲ့ပတ်သက်ပြီး PDF Kalay - Main Force အပါအဝင် ကလေးမြို့ တော်လှန်ရေးရဲဘော်တွေကလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝမ်းနည်းကြောင်း ရေးသားထားပြီး စစ်ကောင်စီကို ပြန်လည်လက်စားချေ တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ကိုဒီမိုဟာ အရင်က ကလေး PDF ရဲ့ ဒုတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ကလေးမြို့ပြစစ်ဆင်ရေး Operation Mo Mo အဖွဲ့ကို ဖွဲ့စည်းကာ မြို့တွင်းက စစ်ကောင်စီတပ် အထိုင်ချစခန်းတွေနဲ့ စစ်ကောင်စီယာဉ်တန်းတွေ ကြားဖြတ်တိုက်ခိုက်မှုတွေမှာ ဦးဆောင်ပြီး ပါဝင်ခဲ့ပါတယ်။
ကလေးမြို့နယ်၊ တင်သားရွာ အမှတ် ၄ ရပ်ကွက်မှာလည်း မေ ၂၉ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။
စစ်ကောင်စီက တင်သားရွာနဲ့ ၃ မိုင်အကွာ လက်အောက်ခံ ကြံသာရွာကနေ အရပ်သား ပြည်သူတွေနေထိုင်တဲ့ တင်သားရွာဘက်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ၁၂၀ မမ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်လက်နက်ကြီးကြောင့် အသက် ၅၅ နှစ်ဝန်းကျင်အရွယ် ဦးနိုင်ဦး၊ အသက် ၂၆ နှစ်အရွယ် မလှိုင်သဇင်ဖြိုးတို့ သားအဖ ၂ ဦး၊ အသက် ၄၀ ကျော်အရွယ် မလှဌေးနဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်စန်းဌေးတို့ ၄ ဦး သေဆုံးခဲ့ပြီး ၁ နှစ်ကျော်အရွယ် ကလေးတယောက် အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။
တင်သားရွာသူတဦးက “ညက ၇ နာရီခွဲကျော် ၈ နာရီထိုးခါနီး အောက်ဂျိုင်းမှာ လက်နက်ကြီးကျတာ။ နိုင်ဦးတို့အိမ်ရော မြောက်ဘက်က ဌေးအောင်တို့အိမ်ရော မိသားစုတွေ ဒဏ်ရာရကြတာ။ ဦးဌေးအောင်မိန်းမက ဒီမနက် ဆေးရုံမှာဆုံးသွားပြီ။ နိုင်ဦးတို့သားအဖရော သူ့အိမ်နားက ဝက်စာလာယူတဲ့ လှဌေးရော ၄ ယောက်ကတော့ ဆုံးသွားပြီ။ နိုင်ဦးသမီးမှာက ၁ နှစ်ကျော်အရွယ် သားလေးကျန်ခဲ့တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တပ်လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသူတွေကတော့ နီးစပ်ရာဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေကြရပြီး သေဆုံးသူတွေကတော့ မေ ၃၀ ရက် ဒီနေ့မှာပဲ အသုဘချ သင်္ဂြိုဟ်လိုက်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ အခုလပိုင်းအတွင်းမှာ တင်သားရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် အိမ်ခြေ ၃,၀၀၀ ကျော်ရှိ လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်တဲ့ တင်သားရွာခံတွေဟာ ကျေးရွာကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေ များနေတယ်လို့ တင်သားရွာသားတွေက ပြောပါတယ်။
မေ ၁၇ ရက် ည ၉ နာရီဝန်းကျင်ကလည်း စစ်ကောင်စီက တင်သားရွာဘက်ကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တင်သားရွာ အမှတ် ၁ ရပ်ကွက်က ဦးဝင်းမောင် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တောတွင်းတနေရာမှာလည်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတပ်က ပြည်သူ တယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
သင်တောရွာအနောက်မြောက်ဘက်၊ ညောင်ပင်သာရွာကြားမှာရှိတဲ့ တောင်ယာလုပ် တောင်သူတွေကို ကျောက်ခဲတက်ရွာမှ ပျူစောထီးတွေက မေ၂၉ ရက် မွန်းလွဲ ၂ နာရီဲခွလောက်မှာ ပစ်သတ်သွားတာလို့ ဆိုပါတယ်။
သင်တော ပကဖ တာဝန်ရှိတဦးက “သူတို့က အင်အား ၅၀ ကျော်နဲ့ လာတာ။ ပျူတွေ တက်လာပြီ သိသိချင်း ထွက်ပြေးကြရတာ။ အဲဒီလို ထွက်ပြေးရင်း သူတို့ စစ်ကြောင်းနဲ့ တိုးပြီး သေနတ်နဲ့ ပစ်သတ်သွားတာပါ။ သေဆုံးသူက အသက် ၄၅ ဝန်းကျင်အရွယ် ကိုကုလားကြီးလို့ အများက ခေါ်ကြတယ်။ ရိက္ခာလုယူရင်း အခုလို သတ်သွားတာ” လို့ ပြောပါတယ်။
သေဆုံးသူ ကိုကုလားကြီးမှာ အမျိုးသမီးနဲ့ ကလေး ၃ ယောက် ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံ တောင်သူတဦးက “ဒီအနီးတဝိုက်မှာက တောင်သူလုပ်ဖို့ တောတက်နေကြတာပါ။ တဲ ၁၅ လုံး အနည်းဆုံးရှိတယ်။ တဲအနီးရောက်လာတော့ သေနတ်တွေနဲ့ ပစ်ကြတယ်။ ကိုကုလားကြီးလည်း သူတို့ လာတာမြင်လို့ နွားလှည်းမောင်းပြီး ထွက်ပြေးတာကို သေနတ်နဲ့ ပစ်ခတ်လို့ ဆီးခုံ ကျည်ထိမှန်ပြီး သေဆုံးသွားတယ်။ တောတဲ ၃ လုံးလည်း မီးရှို့သွားတယ်” လို့ ပြောပါတယ်။
သင်တောရွာရဲ့ အနောက်ဘက် တောင်ယာလုပ်ကိုင်နေတဲ့ တောင်သူတောတဲများကို တောင်ဖြူ၊ ပန်းဆက်ရွာက ပျူတွေကလည်း သတ်ဖြတ်မီးရှို့တာကြောင့် တောင်ယာလုပ်တောင်သူတွေဟာ တောင်ယာလုပ်ငန်း မလုပ်ကိုင်နိုင်ဘဲ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။
မကွေးတိုင်း ထီးလင်းမြို့နယ်ကို မေ ၂၉ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စျေးဆိုင်အဆောက်အအုံတခု ပျက်စီးကာ ကျွဲတကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မေ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ တိုက်လေယာဉ် တစီးက ဆွဲလွဲကျေးရွာကို ၃ ပတ် ပတ်ပြီး ရော့ကက်တွေ၊ ပွိုင့်ဖိုက်တွေနဲ့ ပစ်ခတ်သွားတာလို့ ထီးလင်းဒေသခံတဦးက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ဆွဲလွဲကျေးရွာ လမ်းခွဲက စျေးဆိုင်အဆောက်အအုံတခု ထိခိုက်ပျက်စီးခဲ့ကာ ကျွဲတကောင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ထီးလင်းမြို့နယ်အတွင်းကို စစ်တပ်က မကြာခန လေကြောင်းတိုက်ခိုက်နေသလို ကျောင်ထု အမြှောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ နေရာတွေမှာ ပုန်းခိုနေကြရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ပဲခူးတိုင်း ဖြူးမြို့နယ်က ဥသျှစ်ခင်အနောက်ကျေးရွာမှာလည်း မေ ၂၈ ရက် ညနေ ၅ နာရီ၀န်းကျင်က စစ်တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး တဦး သေဆုံးပြီး ကလေးတဦး အပါအ၀င် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာထဲက အိမ်တလုံးပေါ်ကို တည့်တည့်ကျတာ။ အဲဒီအိမ်ပေါ်မှာရှိနေတဲ့သူတွေ သေတဲ့သူတွေ သေပြီး ဒဏ်ရာရလို့ ဆေးကုနေရတဲ့သူတွေလည်း ရှိတယ်။ ဗုံးသီးကျတဲ့အိမ်ကတော့ လုံး၀ ပျက်စီးသွားတယ်။ ဘေးအိမ်တွေလည်း ပျက်စီးကုန်တာ ရှိတယ်” လို့ ကျေးရွာသားတဦးက ပြောပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၄ နှစ်အရွယ် မောင်ကောင်းပြည့်လျှံ၊ ၂၅ နှစ်အရွယ် မအိထက်စန္ဒီကျော်၊ အသက် ၃၀ အရွယ် ဒေါ်မာမာလွင်၊ ၃၉ နှစ်အရွယ် ဦးဇော်မင်း နဲ့ ၄၅ နှစ်အရွယ် ဒေါ်သန္တာတို့ ဒဏ်ရာ အသီးသီးရရှိခဲ့ကြတဲ့အတွက် ဖြူးမြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး အသက် ၁၈ နှစ်အရွယ် မအိအိစိုးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “ကညွှတ်ကွင်း အခြေစိုက် ခမရ ၄၃၉ ကနေ ညနေပိုင်း ကတည်းက တညလုံးနီးပါး လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ စစ်တပ်ထဲက ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကြောင့် ဥသျှစ်ခင်အနောက်ကျေးရွာက ပြည်သူတွေ သေဆုံးဒဏ်ရာ ရကြရတာ” လို့ ပြောပါတယ်။
ဖြူးမြို့နယ်မှာ မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ကလေးငယ်တွေ အပါအ၀င် ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၂၉ ရက် ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅,၁၆၀ ဦး သေဆုံးထားကြောင်း ဖော်ပြထားပါတယ်။