Home
မြန်မာသတင်း
မတူပီ ခရိုင်ရုံးကို CDF-မတူပီ သိမ်းပိုက်၊ ဝိုင်းမော် ခလရ ၆၈ နှင့် မြို့မရဲစခန်းကို KIA တိုက်ခိုက်
DVB
·
May 30, 2024

ချင်းပြည်နယ် မတူပီမြို့နယ်ခရိုင်ရုံးကို CDF-မတူပီ တပ်ရင်း ၂ (Vankok) က တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြီး ရဲဘော်တဦး ဒဏ်ရာ ရခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

မေ ၃၀ ရက် မနက်အစောပိုင်းကတည်းက စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးတပ်စွဲထားတဲ့ မတူပီခရိုင်ရုံးကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မနက် ၁၀ နာရီဝန်းကျင်မှာ ခရိုင်ရုံးအတွင်းက စစ်ကောင်စီတပ်သားတွေ ဆုတ်ခွါသွားတဲ့အတွက် စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုကို တော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“စကစဘက်က အထိအခိုက် အကျအဆုံးစရင်းကိုတော့ လက်ရှိအတည်ပြုလို့မရသေပါဘူး။ ခရိုင် အဆောက်အအုံကနေ ဖနိုင်ဘုန်းကြီးကျောင်းဖက်ကို စကစ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပါတယ်။ ဆုတ်ခွာသွားတဲ့စကစတပ်ဖွဲ့ဝင်တွေကို ဆက်လက်ရှင်းလင်းနေတဲ့အတွက် တိုက်ပွဲက ဆက်လက် ပြင်းထန်မယ့်အခြေနေရှိပါတယ်” လို့ CDF-မတူပီ တပ်ရင်း ၂ Vakok Battalion တာဝန်ရှိသူက ပြောပါတယ်။

ခရိုင်ရုံးသိမ်းတိုက်ပွဲအတွင်း CDF-မတူပီ ရဲဘော်တဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

CDF-မတူပီ၊ တပ်ရင်း-၂ အနေနဲ့ တိုက်ပွဲများဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာ ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ နဲ့ မြို့မရဲစခန်းကိုလည်း မေ ၂၈ ရက်ညမှာ  ကချင်လွတ်မြောင်ရေးတပ် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝိုင်းမော်ရဲစခန်းမှာက ခံစစ်အတွက် အရန်သင့် ပြင်နေကြရတယ်။ ည ၉ နာရီလောက်က KIA က ရဲစခန်းနဲ့ ခလရ ၅၈ ကို တပြိုင်တည်း တိုက်တယ်၊ ထိခိုက်မှုတော့ ရှိနိုင်တယ်။ အဆက်အသွယ် တိတိကျကျ မရသေးတော့ သေချာမသိရဘူး” လို့ ရဲစခန်းနဲ့ နီးစပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ဝိုင်းမော်ရဲစခန်းနဲ့ ခလရ ၅၈ တိုက်ခိုက်ခံရချိန် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်  လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံအများစုဟာ ဘုရားကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုန်းတော်ကြီးကျောင်းနဲ့ မြစ်ကြီးနားမြို့က နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေထံ  ပြောင်းရွှေ့ နေထိုင်ကြရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်တပ်ရှိရာ ရပ်ကွက်တွေထဲ မေ ၂၈ ရက် ည နဲ့ ၂၉ ရက် မနက်နဲ့ မွန်းလွဲပိုင်းတွေမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“မနေ့ည ၈ နာရီလောက်က ကုန်းမဟတ်ထဲ ၃လုံးလောက် ကျတယ်။ စစ်တပ်က ဂိတ်လုပ်ထားတဲ့ နေရာနဲ့ နီးတယ်။ ကျား ၂ ဦး၊ မ ၁ ဦး ထိတယ်၊ အရင်ရက်တွေက ရှောင်နေတာ။ စစ်တပ်က လူတွေက ပြန်လာနေဆိုလို့ သွားနေကြတဲ့အချိန်ဖြစ်တာ၊ အခု ပြည်သူ့ဆေးရုံကြီးမှာ တက်နေတယ်” လို့ စစ်ရှောင်နေသူတဦးက ပြောပါတယ်။

အလားတူ ဖိုးဒေဝရပ်ကွက်နဲ့ ပင်စင်ကုန်းရပ်ကွက်မှာလည်း မေ ၂၉ ရက် မနက်ပိုင်း ၉ နာရီ လောက်က ခလရ ၄၇ နဲ့ စလစ ၂ တပ်တွေနားက နေအိမ်တွေမှာလည်း လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲတာကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်တဦးနဲ့ ပင်စင်ကုန်းက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးစ ထိမှန်ခဲ့တာကြောင့် ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။

မေ ၂၉ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း ဖန်ခါးကုန်းရပ်ကွက် ခလရ ၄၇ ရှေ့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံဝင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဝန်ထမ်း ၂ ယောက်နဲ့ ထရန်စဖော်မာတွေ ထိမှန်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်ပတ်ဝန်းကျင်မှာ KIA/PDF ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေပြီး ဗန်းမော်တမြို့လုံး မီးများပြတ်တောက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013