မြောက်ကိုရီးယားဟာ သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကို ကိုးကားပြီး တောင်ကိုရီးယားရဲ့ ယွန်ဟက်ပ် သတင်းအေဂျင်စီက ပြောပါတယ်။
ဒုံးကျည်တွေဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအနီးရှိ ဆူးနန် ဧရိယာကနေ မေ ၃၀ ရက် ဒီမနက် ၆ နာရီ ၁၄ မိနစ်မှာ ပစ်လွှတ်လိုက်တာဖြစ်ပြီး ၃၅၀ ကီလိုမီတာ (၂၁၇ မိုင်) လောက် ပျံသန်းသွားပြီးမှ ပင်လယ်ထဲကို ဆင်းသက်သွားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်အစိုးရက မေ ၂၉ ရက်မှာ ပြောပါတယ်။ အဲဒီဒုံးကျည်ဟာ ပင်လယ်ထဲကို ကျသွားပြီ ဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်းလောက်ကို ပစ်လွှတ်ခဲ့ပြီးနောက်မှာ မေ ၃၀ ရက်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါ့ က မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်သွားပုံရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အများအပြားကို ကိုးကားပြီး ဂျပန်အများပြည်သူပိုင် ရုပ်သံလိုင်း NHK က ထုတ်ပြန်ခဲ့ပါတယ်။
မေ ၂၇ ရက်က ဒုတိယထောက်လှမ်းရေးဂြိုဟ်တုကို ပတ်လမ်းအတွင်းကို လွှတ်တင်ဖို့ ကြိုးပမ်းမှုအတွင်း အသစ်တီထွင်ထားတဲ့ ဒုံးပျံအင်ဂျင်တခု ပျံသန်းချိန်မှာ ပေါက်ကွဲသွားလို့ မအောင်မြင်ခဲ့ပြီးနောက်မှာ ဒီနေ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။