စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းခိုင်းဖို့ အဓမ္မဖမ်းဆီးထားတဲ့ ပြည်သူ ၁၅ ဦး မတ် ၂၉ ရက် မနက် ၂ နာရီခွဲက ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ထွက်ပြေးလာသူတွေကတော့ အသက် ၂၂ နှစ်နဲ့ ၃၅ နှစ်အတွင်းရှိ အမျိုးသားတွေ ဖြစ်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ တာဝန်ရှိသူ IO ကိုတိုးကြီးက ပြောပါတယ်။
“စစ်မှုမထမ်း မနေရဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးပြီး ရေဦး အထက ၁ ကျောင်းအတွင်း ဖမ်းထား တာကို ထွက်ပြေးလာကြတာ၊ ၁၅ ဦး ထွက်ပြေးလာတာ။ ၂ ဦးကတော့ ခင်ဦးမြို့နယ်ဘက်ထွက် ပြေးသွားတယ်လို့ သိရတယ်။ ကျန်တဲ့ ၁၃ ဦးကတော့ ရေဦးမြို့နယ်မြောက်ပိုင်း (ပကဖ) မှ လွတ်မြောက်နယ်မြေတခုမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်။”
ထွက်ပြေးလာသူတွေကတော့ ရေဦးမြို့ပေါ် ၊ အောင်ဇေယျရပ်ကွက်က သိန်းဌေးလင်း (၂၉ နှစ်)၊ အောင်သီ (၂၃ နှစ်)၊ ဝဏ္ဏဇော် ( ၂၂ နှစ်)၊ သီဟထွန်း (၂၇ နှစ်)၊ ဇေဇေမင်း (၂၆ နှစ်)၊ မျိုးသူ (၃၀)၊ ရေဦးမြို့နယ်၊ ရွှေပြည်သာရပ်ကွက်က ကျော်သူဝင်း (၃၄ နှစ်)၊ အောင်မင်္ဂလာရပ်ကွက်က နိုင်လင်းဦး (၃၅ နှစ်)၊ အောင်သူရဦး (၃၁ နှစ်)၊ အောင်မြင့်ဦး ၃၄ (နှစ်)၊ အေးမင်းဟန် (၂၆ နှစ်)၊ ထောက်ကြံ့ရွာက အောင်စိုးလွင် (၂၇ နှစ်)၊ ရေဦးမြို့၊ အောင်ချမ်းသာရက်ကွက် ကောင်းထက်ကျော် အသက် ၃၀ အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ် မြောက်လာသူတဦးက “သူတို့လက်ကနေ ထွက်ပြေးလာတော့ ကျနော်တို့ မိဘ တွေရဲ့အိမ်ကို သွားပြီး ခြိမ်းခြောက်တယ်။ ကျနော်တို့ကို သူတို့ဆီ ပြန်ခေါ်ပေးဖို့၊ ပြန်ခေါ်မ ပေးဘူးဆိုရင် မိဘတွေကို ဖမ်းမယ်လို ပြောတယ်။ အာဏာသိမ်းပြီး ပြည်သူကာကွယ်ရေး တပ်တွေကို မနိုင်တော့ ပြည်သူ- ပြည်သူချင်း ပြန်တိုက်ခိုင်းဖို့ အခုလိုစစ်မှုထမ်း ဆိုတာကြီး လုပ်တာလေ။ အဲဒါကို မလုပ်ချင်လို့ အခုလို ထွက်ပြေးရတာ”လို့ ပြောပါတယ်။
ရေဦးမြို့မှာ စစ်မှုမထမ်း မနေရဆိုပြီး ဧပြီ ၂၉ ရက်ကစပြီး စစ်တပ်က ပြည်သူ ၁၂၀ ကျော်ကို ဖမ်းဆီထားပြီး အဲဒီထဲက အကြိမ်ကြိမ် ထွက်ပြေးလာတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။