အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက လာအိုနဲ့ အရှေ့တီမောနိုင်ငံတွေရဲ့အောက်မှာ လူတဦးချင်းဝင်ငွေ (GDP per capita) အနိမ့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်ပါတယ်။
အခုနှစ် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ တွက်ယူရရှိထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ တဦးချင်း ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁,၂၅၀ သာရှိနေပြီး စင်ကာပူနိုင်ငံကတော့ လက်ရှိ အမေရိကန်ဒေါ်လာ ၈၈,၀၀၀ ကျော်နဲ့ အမြင့်ဆုံးနိုင်ငံအဖြစ် ဦးဆောင်နေတာပါ။
နိုင်ငံအရွယ်အစား ၇၃၄ စတုရန်းကီလိုမီတာလောက်နဲ့ လူဦးရေ ၅ ဒသမ ၆ သန်းဝန်းကျင်သာ ရှိတဲ့ စင်ကာပူနိုင်ငံမှာ သဘာဝအရင်းအမြစ် အကန့်အသတ်ရှိနေပေမဲ့ ကုန်သွယ်မှုနဲ့ စီးပွားရေးအတွက် အချက်အချာကျတာကြောင့် သူ့ကို ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တခု ဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံနောက်မှာတော့ ဘရူနိုင်းနိုင်ငံက တဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅,၁၁၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး မလေးရှားနိုင်ငံကတော့ ဒေါ်လာ ၁၃,၃၁၀ နဲ့ အာဆီယံနိုင်ငံ တွေထဲ ထိပ်ဆုံး ၃ နိုင်ငံအဖြစ် ရှိနေတာပါ။
အဲဒီနောက်မှာတော့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရှိနေပြီး တဦးချင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၇,၈၁၀ နဲ့ ရပ်တည်နေပါတယ်။
အာဆီယံနိုင်ငံတွေထဲ အောက်ဆုံးမှာရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အထက်မှာတော့ လာအိုနဲ့ အရှေ့တီ မောနိုင်ငံတို့က အသီးသီး အစဉ်လိုက် ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု အဟန့်အတားတွေ၊ ကျင်ငွေတန်ဖိုး မတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှု အခြေအနေမျိုးစုံရဲ့ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ် အနုတ် လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေပြီး မတ်လ ၂၀၂၄ ခုနှစ်အထိ တနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားမှု မြင့်တက်ခဲ့ပြီး လူဦးရေ ၅ သိန်းကျော်လောက် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကာ ကုန်သွယ်မှု လမ်းကြောင်းတွေ ထိခိုက်လို့ ကုန်စည် သယ်ယူပို့ဆောင်ရေး စရိတ်တွေလည်း မြင့်တက်လာခဲ့ပါတယ်။
ပဋိပက္ခဖြစ်ပွားမှု အရှိန်အဟုန်ဆက်လက်မြင့်တက်လာခြင်း မရှိဘူး ဆိုရင်တောင် ၂ဝ၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းဟာ ဆက်ပြီး နှေးကွေးနေဦး မှာဖြစ်တဲ့အပြင် ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက်ကျယ်ပြန့်လာနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။