Home
ဆောင်းပါး
ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်
DVB
·
May 30, 2024

“ဒီကနေ့က တတိုင်းပြည်လုံး အမှောင်ကျတဲ့နေ့ ဖြစ်ပါတယ်”

အဲဒီမနက်က အင်တာနက်လိုင်းတွေ ပြန်ရချိန်မှာ သတင်းဌာနတခုရဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူက သတင်းတင်ဆက်သွားပါတယ်။

သတင်းတက်ဆက်သူရဲ့ မျက်နှာမှာတော့ တညလုံး အိပ်ထားပုံမပေါ်ဘဲ အဆီပျံနေတဲ့ မျက်နှာနဲ့ ပြည်သူလူထုအတွက် ရရှိလာတဲ့သတင်းကို အချိန်နဲ့တပြေးညီ တင်ဆက်သွားတာပဲ ဖြစ်ပါတယ်။

အာဏာသိမ်းတယ်ဆိုတဲ့ နောက်ရက်တွေမှာ တနိုင်ငံလုံးက မြို့‌ရော တောပါမကျန် အကြမ်းမဖက် အာဏာဖီဆန်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ‌ဖော်ဆောင်လာကြပါတယ်။ ဒီလို ဆန္ဒပြလှုပ်ရှားတောင်းဆိုကြတဲ့ မြို့နယ်တွေထဲ ရန်ကုန်တိုင်းအတွင်းက လှိုင်မြို့နယ်ဟာလည်း အပါအဝင် ဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းပစ်ခတ်ခံရချိန်မှာ ရပ်ကွက်အတွင်းက လမ်းကြိုလမ်းကြား‌တွေပါမကျန် လှုပ်ရှားဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ နေ့ဘက်တွေမှာ ဆုတ်ချည် တိုးချည်နဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားကြပြီး ညအချိန်တွေမှာတော့ ဖမ်းဆီးတင်းကျပ်ခြင်း ခံရတဲ့ အခြေအနေပါ ရှိလာပါတယ်။

ဘယ်လိုပင်ရှိနေစေကာမူ လှုပ်ရှားမှုက အဆက်မပြတ်ခဲ့ပါ။ နီးစပ်ရာ မြို့နယ်တွေက လူငယ်အများစုဟာ မနက်မိုးလင်းတာနဲ့ လှိုင်မြို့နယ်ကို ချီတက်ကြတဲ့အကြောင်း အဲဒီအချိန်က မေးမြန်းဖြစ်ခဲ့တဲ့ လူငယ်တွေက ပြောပါတယ်။

“ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်” လူငယ်တွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး Slogan (‌နိုင်ငံရေးကြွေးကြော်သံ) တခုရဲ့ စာသားဖြစ်ပါတယ်။ ဖိနှိပ်မှုတွေကြားက မရအရ အာဏာရှင်ဆန့်ကျင်ရေးအတွက် လှုပ်ရှားဆောင်ရွက်ကြတဲ့ မြို့နယ်တွေထဲမှာ လှိုင်မြို့နယ်ဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ လှိုင်မြို့နယ်မှာ ရှင်သန်ကြီးပြင်းလာသူတွေရဲ့ ပါးစပ်ဖျားမှာလည်း သူတို့မြို့နယ်အတွက် ဂုဏ်ယူလို့မဆုံး စကားစပ်မိတဲ့အခါ ပြောကြပါတယ်။

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်အတွက် စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို  အချက်အလက် ကောက်ယူရာမှာ ကြုံခဲ့ရသမျှတွေထဲက တချို့ကို ထုတ်နုတ် ဖော်ပြချင်ပါတယ်။

အခုတပတ် အချက်အလက် ကောက်ယူရာမှာ သတင်းတု သတင်းမှားတွေကို ပိုစိစစ်ရတာမျိုးနဲ့ ကြုံရပါတယ်။ အွန်လိုင်းစာမျက်နှာပေါ်က ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်ကို မေးမြန်းရာမှာ မပြောလိုကြတာ၊ ဖြစ်စဉ်ဖြစ်သွားပါတယ်လို့ သတင်းထွက်ပြီးမှ ‌မြေပြင်မှာ တကယ်မဖြစ်ဘဲ သတင်းမှားဖြန့်ဝေတာတွေနဲ့လည်း ကြုံတွေ့ရပါတယ်။

မြို့နယ်တခုမှာ ဘယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ တဆင့်ပြောစကားအရ အဲဒီနေရာကို ချက်ချင်းဆိုသလို သွားရောက်စနည်းနာတဲ့အခါမှာ အမှန်တကယ် ဖမ်းဆီးတာမျိုးမဟုတ်တဲ့ အခြေအနေမျိုး စုံစမ်းသိရှိရတာလည်း ရှိပါတယ်။

တချို့ဖြစ်စဉ်တွေမှာ ကျူးလွန်ခံရတဲ့ ကာယကံရှင်ကိုယ်တိုင် တရင်းတနှီး ရင်ဖွင့်ပြောဆိုရာကနေ သိခွင့်ရတာမျိုးလည်း ရှိပါတယ်။ အရပ်ဝတ်နဲ့လူတွေက လမ်းမှာ တားဆီး ဖမ်းခေါ်ပြီး ငွေညှစ်တာမျိုးနဲ့ ကြုံတွေ့ရတဲ့ အခြေအနေမျိုး ရှိတဲ့အကြောင်းလည်း ကြားသိခဲ့ရပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့ ဖမ်းဆီးလိုသူကို နေရာအတိအကျနဲ့ ဝင်ရောက်ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိပါတယ်။ မြေပြင်အခြေအနေအရ ဧည့်စာရင်းမတိုင်ထားသူရယ်လို့ မရှိသလောက် ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းလိုနေရာမှာ ဧည့်စာရင်းတိုင်တဲ့အခါ မိမိဓာတ်ပုံပါ တပါတည်း ထည့်တိုင်ထားရတာ ဖြစ်တဲ့အတွက် တခုခုသတင်းအစရတာနဲ့ ဝင်ရောက်ဖမ်းဆီးဖို့ လွယ်ကူနေတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။

အရှေ့က ကောက်ယူခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အခုနောက်ဆုံး ကောက်ယူခဲ့တဲ့ အတွေ့အကြုံတွေမှာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံအဖွဲ့တွေဟာ ဧည့်စာရင်းစစ်တာကို အများဆုံးလုပ်ဆောင်တာ တွေ့ရပါတယ်။

ဧည့်စာရင်းက ပြည်သူလူထုအပေါ် တရားဝင် လူ့အခွင့်အရေးချိုးဖောက်ဖို့ကို ခွင့်ပြုပေးထားတဲ့ပုံ ဖြစ်နေပါတယ်။ ဧည့်စာရင်းစစ်တာကနေတဆင့် ငွေညှစ်တာ၊ တခြားအကြောင်းအရာ စစ်ဆေးတာတွေကို ဆင့်ပွား ကျူးလွန်ကြတာမျိုးကိုလည်း ကြားသိရသလို ကိုယ့်အရှေ့မှာတင် ကြုံရတာမျိုးလည်း ရှိပါတယ်။

စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်သားတွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ လဝက ဝန်ထမ်းတွေဟာ အရင်ကလို အင်အားအလုံးအရင်းနဲ့ လှည့်လည်စစ်ဆေးတာမျိုး မရှိတော့ပေမဲ့ စစ်ဆေးတာတွေကိုတော့ နေ့စဉ်ရက်ဆက်ဆိုသလို ကြားနေရတုန်း ဖြစ်ပါတယ်။

အချက်အလက် ကောက်ယူရာမှာ ကွင်းဆက်ပြတ်သွားတာမျိုးလည်း ရှိပါတယ်။ အဆောင်တခုကို ဝင်ပြီး ဧည့်စာရင်းစစ်တယ်။ တပါတည်း ဖမ်းဆီးသွားတဲ့ အခြေအနေမျိုးတွေမှာ တချို့ဖြစ်စဉ်တွေက ပြန်လွှတ်ပေးသလား၊ ဘယ်လိုမျိုး ဆက်ဖြစ်လဲ ဆိုတဲ့ နောက်ဆက်တွဲ အခြေအနေကို မသိရတာမျိုးလည်း ရှိပါတယ်။

ရန်ကုန်မှာ လူငယ်တွေအများဆုံးရှိတဲ့ အဆောင်တွေဟာလည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထား စစ်ဆေးတဲ့နေရာတွေ ဖြစ်‌နေပါတယ်။ စစ်ဆေး ဖမ်းဆီးခံရတဲ့အချိန်မှာ ပိုင်ရှင် ဒါမှမဟုတ် အဆောင်မှူးက လိုက်လံဖြေရှင်းပေးတာမျိုး ရှိပါတယ်။ အဆောင်နာမည်မပျက်ရေးအတွက် ငွေပေးဖြေရှင်းတာမျိုးတွေလည်း ရှိပါတယ်။ စစ်ဆေးတဲ့နေရာမှာ သူတို့ ရှာဖွေလိုတဲ့အရာ၊ သူတို့တွေ့ချင်တဲ့အရာ မတွေ့ခဲ့ရင်တောင် အဆောင်မှူးက ငွေပေးညှိနှိုင်းရတာမျိုးတွေလည်း ရှိပါတယ်။

ဒီအခြေအနေတွေဟာ စစ်မှုထမ်းဥပဒေ မထွက်ရှိခင်ကာလက အခြေအနေတွေ ဖြစ်ပါတယ်။ စစ်တမ်းဧရိယာထဲမပါတဲ့ မြို့နယ်တွေမှာလည်း ပုံစံမတူတဲ့ ပြုမူခြိမ်းခြောက်တာ၊ စစ်ဆေးမေးမြန်းတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အချက်အလက်ကောက်ယူရာ မြို့နယ်တွေထဲမှာ လှိုင်မြို့နယ်က မြို့နယ်တခုအနေနဲ့ ပါဝင်ပါတယ်။

အနောက်ပိုင်းခရိုင်အတွင်းမှာ လေးလတာ ကာလအတွင်း ဖြစ်စဉ်ပေါင်း ၁၂၄ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဖြစ်စဉ်တွေထဲမှာ ဧည့်စာရင်းစစ်တာ၊ ဧည့်စာရင်းစစ်ရင်းနဲ့ တပါတည်း ဖမ်းဆီးသွားတာ၊ ဖမ်းဆီးထိန်းသိမ်းတဲ့ ဖြစ်စဉ်တွေ၊ လုယက်မှု၊ ဓားပြမှုနဲ့ ဆက်ကြေးကောက်တဲ့ ဖြစ်စဉ်တွေပါ ရှိခဲ့ပါတယ်။

အနောက်ပိုင်းခရိုင်အတွင်းမှာ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြို့နယ် ၄ ခုမှာ ဖြစ်စဉ်တခုစီ ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ မရမ်းကုန်းမြို့နယ်မှာ ရာအိမ်မှူးတယောက် ပစ်ခတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ်၊ ဗဟန်းမြို့နယ်က အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်၊ လမ်းမတော်မြို့နယ်မှာ ကားပွဲစား အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ လသာမြို့နယ်မှာ စစ်ကောင်စီကို လက်နက်တွေ ဝယ်ယူတဲ့နေရာမှာ အဓိကပါဝင်တဲ့သူလို့ နာမည်ထွက်နေသူ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

လသာမြို့နယ်ဖြစ်စဉ်က မြို့ပြပြောက်ကျားအဖွဲ့က ပြုလုပ်တာ ဖြစ်တဲ့အကြောင်း ထုတ်ပြန်လာတာရှိပြီး ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ လမ်းမတော်မြို့နယ်က လူသတ်မှု ဖြစ်စဉ်တွေမှာတော့ ပြုလုပ်တဲ့အဖွဲ့၊ လူပုဂ္ဂိုလ်က တရားဝင်ထုတ်ပြန်လာတာ မရှိတဲ့အတွက် အမည်မသိအဖွဲ့က လုပ်ဆောင်ချက်လို့ မှတ်ယူလို့ရနိုင်မှာ ဖြစ်ပါတယ်။

သုတနေသနကောက်ယူတဲ့ အကြိမ်တိုင်းမှာ ဖြစ်စဉ်အများဆုံး ဖြစ်ပွားတဲ့ မြို့နယ်တခု ရှိပါတယ်။ လှိုင်မြို့နယ် ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ မြို့နယ်တခုလို့ ဆိုရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာတချို့ကို မကြာခဏ ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ရှိနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးစတင်ရာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုစဉ် အချိန်ကတည်းက လှိုင်မြို့နယ်ဟာ လူငယ်တွေအတွက် စုဝေးရာနေရာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ  စစ်ရေးလှုပ်ရှားမှု မကြာခဏပြုလုပ်ရာ နေရာတခုဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စည်ပင်သာယာဝန်ထမ်းတွေနဲ့ လဝက ဝန်ထမ်းတွေ အဓိကပစ်မှတ်ထား ဖိနှိပ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ဧည့်စာရင်းစစ်တာတွေကို တခြားမြို့နယ်တွေထက် ပိုဖိအားပေးခြင်းခံရတဲ့ မြို့နယ်ပဲ ဖြစ်ပါတယ်။

အခုနောက်ဆုံး သုတေသနကောက်ခဲ့တဲ့ လှိုင်မြို့နယ်ရဲ့ ဖြစ်စဉ်တွေထဲက စီးနင်းစစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ ဖမ်းဆီးရိုက်နှက်တာ၊ ရုတ်တရက် နေအိမ်ကို စီးနင်းစစ်ဆေးတာ၊ ဆက်ကြေးကောက်တာတွေ ရှိခဲ့ပြီး လုယက်မှု၊ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။

လှိုင်မြို့နယ်ဟာ အကျယ် ၁၃ ဒသမ ၇ ကီလိုမီတာရှိပြီး ရပ်ကွက်ပေါင်း ၁၆ ခုနဲ့ ဖွဲ့စည်းထားတဲ့ မြို့နယ်ဖြစ်ပါတယ်။ မြို့နယ်ရဲ့ မြောက်ဘက်မှာ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ အရှေ့ဘက်မှာ အင်းယားကန်၊ တောင်ဘက်မှာ ကမာရွတ်မြို့နယ်နဲ့ အရှေ့ဘက်မှာတော့ လှိုင်သာယာမြို့နယ်တို့ ဝန်းရံတည်ရှိတဲ့ မြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီး သုံးခုဖြစ်တဲ့ အင်းစိန်လမ်းမ၊ ပြည်လမ်းမ၊ ဗဟိုလမ်းမတို့ ဖြတ်သန်းသွားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ အများပြည်သူ အပန်းဖြေ အနားယူဖို့ အင်းယားကန်ဘောင်နဲ့လည်း အနီးစပ်ဆုံးတည်ရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

အာဏာရှင်ကို ကျောထောက်နောက်ခံပြုသူ၊ အာဏာရှင်ရဲ့ ထောက်တိုင်တွေကို တနည်းမဟုတ်တနည်း တွန်းလှန်လှုပ်ရှားနေတဲ့ နေရာတခုကို ပြပါဆို လှိုင်မြို့နယ်ကိုပဲ ပြေးမြင်ကြမှာပါ။ လက်ရှိမှာလည်း လှိုင်မြို့နယ်ဟာ စစ်ကောင်စီဘက်တော်သားများရဲ့ အဓိကထား စောင့်ကြည့် ဖိနှိပ်ခြင်းကို ခံနေကြဆဲပဲ ဖြစ်ပါတယ်။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024