Home
မြန်မာသတင်း
ခေတ်မမီတော့သည့် ကုန်ပစ္စည်း ဖလှယ်သည့်  Barter စနစ် စစ်ကောင်စီ ပြန်ကျင့်သုံး
DVB
·
May 30, 2024
Photo:Myanmar Port Authority

စစ်ကောင်စီက နိုင်ငံခြားငွေကြေး လိုအပ်ချက်ကို လျှော့ချဖို့ ကုန်သွယ်ဖက် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement) ကို စတင်ကျင့်သုံးဖို့ မေ ၂၈ ရက် နေ့စွဲနဲ့ ညွှန်ကြားစာတစောင် ထုတ်ပြန်လာပါတယ်။

ညွှန်ကြားချက်ထဲမှာတော့ “BAT အရ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ၊ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားငွေ ပြန်လည်ရရှိမှု ကင်းလွတ်ခွင့်ပုံစံ Export Bill Receivable Exemption (EBRE) နှင့် သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံ Import Bill Payment Exemption (IBPE) ပေးပို့ရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များအား Barter System ဆောင်ရွက်မည့် ကုမ္ပဏီများ သိရှိနိုင်ရေးပေးပို့သည်” လို့ ဖော်ပြထားပါတယ်။

ကုန်သွယ်ဖက် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်တဲ့ ကုန်သွယ်မှုစနစ် BAT အရ ပို့ကုန် သွင်းကုန်တွေအတွက် နိုင်ငံခြားငွေနဲ့ ပေးချေမှု၊ နိုင်ငံခြားတွေ ပြန်လည်ရရှိမှု ကင်းလွတ်ခွင့်တွေကို နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနကြီး၊ ဗဟိုဘဏ်မှာ လျှောက်ထားရမယ်လို့ UMFCCI ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကို ပေးပို့ထားတဲ့ အကြောင်းကြားစာအရ သိရပါတယ်။

ယခင်ခေတ်တွေက အသုံးပြုခဲ့တဲ့ စနစ်တခုဖြစ်ပြီး ခေတ်မမီတော့တဲ့ ကုန်သွယ်မှုစနစ်ကို ပြန်လည်အသက်သွင်းလာတဲ့ စစ်ကောင်စီကြောင့် ပြည်သူတွေနဲ့ ကုန်သည်တွေအကြားမှာလည်း ဝေဖန်မှုတွေနဲ့အတူ အဆင်မပြေမှုတွေလည်း ကြုံတွေ့နေကြရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တဦးက “ကျနော်တို့နိုင်ငံက ငွေကြေးဖောင်းပွမှုကြောင့် ပိုပိုပြီး ဆင်းရဲလာတယ်၊ ဆင်းရဲတဲ့ နိုင်ငံက ချမ်းသာတဲ့နိုင်ငံကို သွားပြီး ရင်းနှီးမြှုပ်နှံရတယ်။ အဲဒီလိုအခါကျတော့ ကျနော်တို့အနေနဲ့ သုံးဆ လေးဆလောက် ပေးနေရတဲ့ အနေအထား ဖြစ်တယ်။ အဲဒီအပြင်ကိုမှ နိုင်ငံတကာကို အဆင့်မီတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်တာလည်း မရှိတာကို ဒီလိုစနစ် သုံးမယ်ဆိုတာကတော့ ဘယ်လိုမှ အဆင်ပြေနိုင်မယ် မထင်ဘူး၊ ဘယ်လို အဆင်ပြေအောင် လုပ်မလဲဆိုလည်း နားမလည်နိုင်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေ ရှားပါးတဲ့ပြဿနာကို ကြုံနေရတဲ့အတွက် နိုင်ငံခြားငွေကြေး လိုအပ်မှုကို လျှော့ချဖို့ အခုလို ကြံမိကြံရာတွေ လုပ်နေတာလို့ စီးပွားရေး စောင့်ကြည့်သူတွေကလည်း မှတ်ချက်ပြုပါတယ်။

မေ ၃၀ ရက် မနက်မှာတော့ အမေရိကန် တဒေါ်လာကို ရောင်းဈေး ၄၇၄၀ ကျပ်၊ ဝယ်ဈေး  ၄၆၈၀ ကျပ် စံချိန်တင် မြင့်တက်နေပါတယ်။ 

မေ ၂၉ ရက်ညမှာ စစ်ကောင်စီက အွန်လိုင်းပေါ်က ငွေလဲလှယ်နှုန်းထားတွေကို မယုံကြည်ဖို့နဲ့ AD လိုင်စင်ရ ဘဏ်တွေနဲ့ ငွေလဲလုပ်ငန်းတွေက သတ်မှတ်ထုတ်ပြန်တဲ့ ငွေလဲနှုန်းထားတွေအတိုင်းပဲ လဲလှယ်ကြဖို့ကိုလည်း တိုက်တွန်းထုတ်ပြန်ထားပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013