Home
မြန်မာသတင်း
တရုတ် အဝယ်လိုက်နေသဖြင့်  မျှော့တပိဿာ ၉၅,၀၀၀ အထိ ဈေးပေါက်နေ  
DVB
·
May 30, 2024
မျှော့များ။ Photo - တော်ဝင်/မင်းမင်း

တရုတ်နိုင်ငံဘက်က အဝယ်လိုက်နေတာကြောင့် ဧရာဝတီတိုင်းမှာ မျှော့တပိဿာကို ငွေကျပ် ၉၅,၀၀၀ အထိ ဈေးပေါက်နေပေမဲ့လည်း မျှော့တွေကို ရှာဖွေရတာ အရင်ထက် ရှားပါးလာတယ်လို့ မျှော့ရှာဖွေရောင်းချတဲ့ သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းက ဒေသခံတွေဟာ မျှော့ရှာဖွေဖမ်းဆီးတဲ့ လုပ်ငန်းကို မေလကနေ ဖေဖော်ဝါရီလအထိ အဓိက လုပ်ကိုင်လေ့ရှိကြပြီး မျှော့တွေကို လူကိုယ်တိုင် အကိုက်ခံပြီး မျှော့ရှာဖွေတဲ့သူတွေ ရှိသလို မြစ်၊ ချောင်း၊ အင်း၊ အိုင်ထဲကို ကျွဲ၊ နွား၊ တိရစ္ဆာန် မောင်းချပြီး လာတွယ်တဲ့မျှော့ကို တဆင့်ဖြုတ်ပြီး ရှာတာလည်းရှိပြီး လက်ရှိ မျှော့တပိဿာ ၉၀,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

ဝါးခယ်မမြို့နယ်မှ မျှော့ရှာဖွေသူတယောက်က “ကျနော်တို့ဘက်မှာတော့ ကလေးကအစ မျှော့ရှာကြတယ်။ ရွာမှာတော့ ‌မျှော့ရှာတဲ့အလုပ်ကို လုပ်တဲ့သူတွေ မနည်းရှိတယ်။ အခု ဒီနှစ်မှာ မျှော့ဈေးရပေမဲ့ အရင်နှစ်တွေကထက် မျှော့တော်တော်ရှားသွားတယ်။ တနေ့လုံးရှာမှ ၁၀ သားလောက်ပဲရတယ်။ ၁၀ သားဆိုလည်း အကောင်ကြီးရင် ၉,၅၀၀ ရပြီလေ။ တခြားအလုပ်ကမရှိ၊ စားဖို့မရှိတော့ လုပ်နေရတာပဲ” လို့ ပြောပါတယ်။

အဲဒီမျှော့တွေဟာ စပါးစိုက်ခင်းတွေ၊ မြစ်ရိုးချောင်းရိုးနဲ့ ရွှံ့နွံမြေကြီးအောက်မှာ ကျက်စားတတ်တဲ့ သတ္တဝါဖြစ်ပြီး မျှော့တွေရှားပါးလာတာဟာ ရှာဖွေရောင်းချတဲ့သူတွေ များလာတာ၊ စိုက်ပျိုးမြေတွေမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲမှုတွေကြောင့် မျှော့တွေရှားလာတာလို့ ရှာဖွေသူတွေက ဆိုပါတယ်။

မျှော့အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတယောက်က “မျှော့က အကောင်ကြီးလို့ အလေးချိန်ရရင် တပိဿာကို သိပ်မရှာရပါဘူး။ အခုက ရှာလို့ကို အရင်လို မရတော့တာ။ အခု မျှော့တပိဿာ ငွေကျပ် ၉၀,၀၀၀ အထိ ဈေးပေါက်နေတယ်။ ဒါပေမဲ့ ရှာဖွေသူတွေအဖို့ အကျိုးမဖြစ်ဘူး ဖြစ်နေတာ။ တရုတ်ဘက်က မျှော့အကောင်ကြီး၊ အသေး အကုန်ဝယ်တယ်။ လက်ရှိ ပြန်ဝယ်နေတော့ ဈေးပါကောင်းနေတယ်။ မျှော့ကတော့ အရမ်းရှားပါးနေတယ်။ တနေ့ ကုန်ချိန် ၁၀ ပိဿာတောင် ကုန်ချိန်မတက်ဘူး” လို့ ပြောပါတယ်။

အဲဒီ မျှော့တွေဟာ လူနဲ့ ကျွဲ၊ နွားတွေကို ကပ်တွယ်သွေးစုပ်တတ်တဲ့ သတ္တဝါဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံကနေ တင်ပို့ရောင်းချလိုက်တဲ့ မျှော့တွေကို တရုတ်နိုင်ငံမှာ သွေးတွေထုတ်၊ အခြောက်လှမ်းပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အကြောအားတိုးဆေး စတဲ့ တရုတ်တိုင်းရင်းဆေးအဖြစ် ဖော်စပ်ထုတ်လုပ်ကြတာဖြစ်တယ်လို့ မျှော့ရောင်းဝယ်ရေး ကုန်သည်တွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024